Posted in Budget Transparency on Oct 17, 2019

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အသုံးစရိတ်ကို စစ်ဆေးထားတဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာ လွှတ်တော်အမတ်တွေ ကြည့်ခွင့်မရတော့တဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်က ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ ထုတ်ဖော်ပြောဆိုထားမှုကို ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာ သတင်းဌာနက ထုတ်ဖော်ရေးသားထားပါတယ်။

ဦးကျော်ဇေယျက ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ကိုယ်စားလှယ်တွေ ဖတ်ရှုခွင့်ရခဲ့လို့ တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေနဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရမှုတွေ ထောက်ပြနိုင်ခဲ့ကြသော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အစီရင်ခံစာ စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်သွင်းထားပြီး ဖြစ်ပေမယ့်လို့ ပေးမဖတ်တော့တာကြောင့် ထောက်ပြစိစစ်နိုင်မှု မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။

စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကသာ စိစစ်ပြီး အစီရင်ခံစာပါ စိစစ်ချက်ကိုသာ ကိုယ်စားလှယ်တွေကို ဆွေးနွေးစေမှာ ဖြစ်တယ်လို့လည်း ဦးကျော်ဇေယျက ဆိုပါတယ်။

ဥပဒေမရှိသေးတဲ့ တိုင်းဒေသ/ပြည်နယ်စာရင်းစစ်ချုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၇၁ - င) အရ တိုင်း/ပြည်နယ်စာရင်းစစ်ချုပ်တွေဟာ သက်ဆိုင်ရာ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေကတစ်ဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုလည်း တာဝန်ခံရပါတယ်။

ပုဒ်မ ၂၇၄ မှာတော့ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်တွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေအတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမယ်လို့ ပါရှိပေမယ့် လက်ရှိအချိန်အထိ သီးခြားဥပဒေ မပြဋ္ဌာန်းနိုင်သေးဘဲ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေမှာပဲ သူတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ထည့်သွင်းပေးထားပါတယ်။

တိုင်း/ပြည်နယ်စာရင်းစစ်ချုပ်ရဲ့ တာဝန်နဲ့ လွှတ်တော်ကြား အဆက်အစပ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်တွေရဲ့ လုပ်ငန်းတာဝန်ထဲမှာ လွှတ်တော်နဲ့ တိုက်ရိုက်ပတ် သက်ဆက်စပ်တဲ့ တာဝန် နှစ်ရပ် ပါရှိပါတယ်။

ပုဒ်မ ၂၅(ဃ) မှာ “မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှ တ်တော်သို့ အစီရင်ခံတင်ပြခြင်း” လို့ ပါရှိပါတယ်။

၂၅(စ) မှာလည်း “သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း” လို့ ပြဋ္ဌာန်းထားပါတယ်။

ပြဋ္ဌာန်းချက် နှစ်ရပ်စလုံးမှာ လွှတ်တော်သို့ အစီရင်ခံစာတင်ပြရမယ်လို့ ဆိုထားပါတယ်။ လွှတ်တော်က ဖွဲ့စည်း ထားတဲ့ ကော်မတီတစ်ရပ်ရပ်ကို အစီရင်ခံစာ တင်ပြရမယ်လို့ မပါရှိပါဘူး။ လွှတ်တော်တွင်းက ရွေးကောက်ခံ ကိုယ်စားလှယ်တွေအားလုံးနဲ့ ဆက်စပ်တဲ့ ကိစ္စဖြစ်ပြီး ကော်မတီထဲ ပါဝင်တဲ့ ကိုယ်စားလှယ် တစ်စုနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။

တိုင်းလွှတ်တော်ကော်မတီနဲ့ လွှတ်တော်ဥက္ကဋ္ဌ

သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ အရ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရပါတယ်။

ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ သက်တမ်းတွေကို လွှတ်တော်က သတ်မှတ်ပေးရပြီး ကော်မတီ တွေက လွှတ်တော်ကို တာဝန်ခံရကာ လွှတ်တော်အစည်းအဝေး ကျင်းပချိန်မဟုတ်ရင်တော့ လွှတ်တော် ဥက္ကဋ္ဌကို တာဝန်ခံကြရပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဟာ ကော်မတီတွေက လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းရပ်တွေအတွက် ညွှန်ကြားချက်ပေးပို့နိုင်ပြီး ကော်မတီဥက္ကဋ္ဌတွေကလည်း လုပ်ထုံးလုပ်နည်း၊ ကော်မတီလုပ်ငန်းရပ်တွေနဲ့ ပတ်သက်လို့ သင့်လျော်တယ်လို့ ထင်မြင်ယူဆတာမျိုးရှိရင် လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ကို တောင်းခံနိုင်ပြီး သူ့ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအရဆိုရင် လူထုက တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေကို စာရင်းစစ်ချုပ်အစီရင်ခံစာ ဖတ်ရှုခွင့်မပေးတာကြောင့် တိုင်းအစိုးရရဲ့ လုပ်ငန်းတွေအပေါ်မှာ သံသယတွေပဲ ပိုတိုးလာစေနိုင်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်တွေဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို တာဝန်ခံရပြီး သက်ဆိုင်ရာ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း တာဝန်ခံရပါတယ်။ တိုင်း/ပြည်နယ်အဆင့် လွှတ်တော်ကော်မတီ တွေဟာ သက်ဆိုင်ရာလွှတ်တ်ော သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ခံရပါတယ်။

ပွင့်လင်းဘတ်ဂျက်စစ်တမ်းတွေမှာ စာရင်းစစ်ချုပ်အစီရင်ခံစာကို အရေးကြီးတဲ့ ဘတ်ဂျက်စာရွက်စာတမ်း ရှစ်မျိုးအနက် တစ်ခုအပါအဝင်ဖြစ်ဖော်ပြခံရတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကို စိစစ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းဖြစ်တဲ့အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာဟာ စာရင်းစစ်ချုပ်နဲ့ ကော်မတီလောက်တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ စာရင်းစစ်ချုပ်အစီရင်ခံစာဟာ လူထုက ရွေးချယ် တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။

လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို တာဝန်ခံရသလို သူ့ကို တာဝန်ပေးထားတဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေကိုလည်း တာဝန်ခံရတယ်ဆိုတာကို မေ့လျော့ထားလို့ မရပါဘူး။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကို လူထုကိုယ်စား ဖတ်ခွင့်ရဖို့ လိုအပ်သလို တွေ့ရှိ ချက်တွေနဲ့ ပတ်သက်ပြီး ကွဲလွဲမှု၊ လွဲမှားမှု ရှိနေရင် ဆွေးနွေးခွင့်၊ ထိန်းကျောင်းခွင့် ရှိရမှာ ဖြစ်ပါတယ်။ ကော်မတီ တစ်ရပ်က ကြားခံစိစစ်ပြီးမှ ထုတ်ပြန်တာမျိုးကို လူထုတာဝန်ပေး ထားတဲ့သူတွေအပေါ် ကော်မတီတစ်ရပ်က လုပ်ပိုင်ခွင့် မရှိသလို ဥပဒေအရလည်း ပြဋ္ဌာန်းမထားပါဘူး။

ဘာကြောင့်လဲ...ဘာအတွက်လဲ

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ ပတ်သက်လို့ ပြည်သူ့ငွေစာရင်းကော်မတီ စိစစ်ပြီးသားအပေါ်မှာသာ ဆွေးနွေးစေမယ့်ကိစ္စဟာ တိုင်းလွှတ်တော် တစ်ရပ်လုံးက ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ လူထုအကျိုး ဆောင်ရွက်ခွင့်ကို ကန့်သတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရ အပါအဝင် လွှတ်တော်တွေကါ အ‌လေးထားရမယ့် လူထုရဲ့ သိရှိပိုင်ခွင့်ကို သွယ်ဝိုက်သော အားဖြင့် ကန့်သတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဦးကျော်ဇေယျကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်‌ယောက်ရဲ့ တာဝန်အတိုင်း အစိုးရကို စိစစ်ထိန်းကြောင်း နိုင်ဖို့အတွက် တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ထားတဲ့ တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို ဖတ်ရှုခွင့် မရတော့ကြောင်း မီဒီယာကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုထားပါပြီ။

ဘယ်လိုလုပ်ပိုင်ခွင့်တွေကြောင့် ဒီလို လုပ်တယ်ဆိုတာကို ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌနဲ့ တိုင်း လွှတ်တော်က ကော်မတီတွေ အားလုံးအပေါ် အာဏာသက်ရောက်တဲ့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

ကိုးကား

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ
  • ခေတ်သစ်မီဒီယာ