Posted in Political Institutions on Feb 25, 2019

ဗြိတိန်နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပါတယ်။

ဒီဥပဒေကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်တဲ့ အကြောင်းပြချက် သုံးချက်ကို ဖော်ပြထားပါတယ်။ အဲ့ဒိအချက်တွေက -

၁။ လွှတ်တော်ကိုယ်စားလှယ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဥပဒေတစ်ရပ်ရပ်အရ အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ခံရပြီး ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ထောင်ဒဏ်ချမှတ်ရန်၊ ဖမ်းဆီးရန် အမိန့်ချမှတ် ခံရခြင်း ၂။ (လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျင့်ဝတ်လိုက်နာမှုကို တာဝန်ခံရတဲ့) လွှတ်တော်စံနှုန်းကော်မတီ (Committee of Standards) က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး တင်သွင်းတဲ့ အစီရင်ခံစာအပေါ် အခြေခံပြီး လွှတ်တော် (House of Commons) က လွှတ်တော်တာဝန်ထမ်းဆောင်ခြင်းကို အချိန်အပိုင်းအခြားတစ်ခုအထိ (အစည်းအဝေးကျင်းပရက် ၁၀ ရက်၊ ပြက္ခဒိန် ၁၄ ရက်) တားမြစ်ကြောင်း အမိန့်ထုတ်ခံရခြင်း ၃။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အသုံးစရိတ်စာရင်းတင်ပြရာမှာ မှားယွင်းသော၊ အထင်လွဲမှားစေသော သတင်းအချက်အလက်များ တင်သွင်းတယ်လို့ လွှတ်တော်စံနှုန်းဥပဒေအရ အပြစ်ရှိကြောင်း တွေ့ရှိရခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

ပထမနဲ့ တတိယအချက်တွေအတွက် တရားရုံးများမှာ အယူခံခွင့် ကုန်ဆုံးသွားမှသာ တာဝန်ရုပ်သိမ်းခြင်း စတင်နိုင်ပါတယ်။ တစ်နှစ်ထက်ပိုတဲ့ ထောင်ဒဏ်ချမှတ်ခံရရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းအဆင့်တွေ ဆောင်ရွက်ရန် မလိုပဲ ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ပြီးဖြစ်တယ်လို့ ယူဆရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ဖို့ လွှတ်တော်ဥက္ကဌက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်က အရာရှိထံ အကြောင်းကြားရပါတယ်။ အဲ့ဒိအရာရှိကပဲ မဲရုံအရာရှိအဖြစ်ဆောင်ရွက်ပြီး မဲရုံအများဆုံး ၁၀ နေရာအထိ ခွဲခြားပြီး တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း လက်မှတ်ရေးထိုးမှုကို အချိန်ခြောက်ပတ်အထိ ဖွင့်လှစ်ထားပြီး ကောက်ခံရပါတယ်။ အဲ့လို ကောက်ယူချိန်မှာ ရှိနေတဲ့ မဲပေးရန်စာရင်းသွင်းထားသူများရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။