Posted in ဥပဒေရေးရာ သုတေသန on Mar 07, 2019
ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၏ဒသမပုံမှန်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တင်သွင်းပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာကိုလည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ရည်ရွယ်ချက်အနေနဲ့ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ စီးပွားရေးဆန်ဆန်လွတ်လပ်စွာစီမံခန့်ခွဲဆောင်ရွက်နိုင်ရန်နဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချနိုင်ရန်အတွက် ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ဘဏ္ဍာရန်ပုံငွေကိုလည်း ထိရောက်စွာဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း ရည်ရွယ်ပါတယ်လို့ဆိုပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ဖို့အတွက် ယခင်အစိုးရကာလကလည်း ကြိုးပမ်းခဲ့တာတွေ့ရပြီး ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး နိုင်ငံပိုင်ဆက်သွယ်ရေးလုပ်ငန်းတစ်ခုတည်းသာရှိခဲ့ရာကနေ ပုဂ္ဂလိကပိုင်ကုမ္ပဏီလုပ်ငန်းတွေက ဆက်သွယ်ရေးလုပ်ငန်းမှာ ဝန်ဆောင်မှုတွေပေးနိုင်အောင်လို့ ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာပြဌာန်းခဲ့တာကိုလည်း တွေ့ရပါတယ်။အဲဒီကာလတွေတုန်းက နိုင်ငံပိုင်လုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကပိုင် ပြုလုပ်နိုင်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး မြန်မာအမျိုးသားလေကြောင်းဥပဒေ၊ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးဥပဒေစတာတွေကိုလည်း ပြဌာန်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။
ယခုတင်သွင်းတဲ့မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကိုလည်း ဈေးကွက်စီးပွားရေးစနစ်နဲ့ အညီ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဗဟိုချုပ်ကိုင်မှုလျော့ချပြီး စီးပွားရေးဆန်ဆန်လွတ်လပ်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေတစ်ရပ်ပြဌာန်းနိုင်ဖို့ဆောင်ရွက်နေတာဆိုရင် ယခင်လုပ်ဆောင်ခဲ့ဖူးတဲ့ နိုင်ငံပိုင်လုပ်ငန်းများကို ဥပဒေပြဌာန်းပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေရဲ့ အောင်မြင်မှုတွေ၊အားနည်းချက်တွေကို ရှာဖွေပြီး အသင့်လျော်ဆုံးပုံစံတစ်ခုဖြစ်အောင် နှိုင်းယှဉ်လေ့လာကြည့်ဖို့လည်း လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။