Posted in ဥပဒေရေးရာ သုတေသန on Aug 21, 2019

စွမ်းအင်မူဝါဒတွေနဲ့အညီ ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနဲ့ ထုတ်လုပ်ခြင်းတွေကို စနစ်တကျ ဖြစ်စေဖို့ ဥပဒေကြမ်းကို ရည်ရွယ်ပါတယ်။ ဥပဒေပါပြဋ္ဌာန်းချက်တွေ အောင်မြင်စေဖို့ ပြည်ထောင်စုအစိုးရက ရေနံလုပ်ငန်းကြီးကြပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီက ရေနံလုပ်ကွက်သတ်မှတ်ရေး၊ လုပ်ကိုင်ခွင့် လျှောက်ထားမှု စိစစ်ဖို့နဲ့ ပွင့်လင်းတဲ့ တင်ဒါခေါ်ယူမှုဖြစ်ဖို့ လမ်းညွှန်တာ၊ ရေနံလုပ်ငန်း လုပ်ခွင့်ရသူရဲ့ ဖွံဖြိုးမှုနဲ့ ထုတ်လုပ်မှုအစီအစဉ်တွေ အတည်ပြုပေးတာကို လုပ်ဆောင်ရပါမယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ ကုန်းတွင်းနဲ့ ကမ်းလွန်ဒေသ ရေနံလုပ်ကွက်တွေကို နယ်နမိတ်ပိုင်းခြား သတ်မှတ်ဖို့အတွက် ဗဟိုကော်မတီရဲ့ သဘောတူညီချက် အရင်ရယူကာ ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ကာ နိုင်ငံတော်ကသာ လုပ်ကိုင်မယ့် သီးသန့်ရေနံ လုပ်ကွက်တွေကိုလည်း ထည့်သွင်းသတ်မှတ်နိုင်ပါတယ်။ ရေနံလုပ်ကွက် သတ်မှတ်မကြေညာမီမှာ အများပြည်သူကို အသိပေးရမှာဖြစ်ပြီး ထိခိုက်နစ်နာနိုင်မှုအတွက် အခွင့်အရေးနဲ့ အကျိုးခံစားခွင့်တွေ ဆောင်ရွက်ပေးနိုင်ဖို့နဲ့ လုပ်ကွက်နယ်နမိတ် သတ်မှတ်ရေးတို့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရပါမယ်။

ဗဟိုကော်မတီဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တွေ ပွင့်လင်းမြင်သာမှုရှိဖို့၊ ရေနံလုပ်ငန်းလုပ်လိုသူတွကို တင်ဒါစည်းကမ်းချက် နဲ့အညီ စိစစ်ရွေးချယ်ဖို့၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက လုပ်ကိုင်တဲ့ လုပ်ငန်းတွေနဲ့ ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ကြီးကြပ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းတွေ လုပ်ရပါမယ်။

ဒါ့အပြင် လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်တွေ သက်တမ်းတိုးခြင်းနဲ့ ပတ်သက်ပြီး ခွင့်ပြုတာ၊ ငြင်းပယ်တာအပါအဝင် ရေနံလုပ်ဆိုင်ရာ စာချုပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း စတာတွေကို အများပြည်သူသိရှိအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတော်ရဲ့ ရေနံလုပ်ကွက်တွေမှာ ရေနံလုပ်ငန်းတစ်ရပ် ဒါမှမဟုတ် တစ်ရပ်ထက်ပိုပြီး လုပ်ကိုင်ဖို့ ဝန်ကြီးဌာနက ခွင့်ပြုနိုင်ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ လုပ်ငန်းတွေကို မိမိဘာသာ လုပ်ကိုင်နိုင်သလို ပြည်ထောင်စုအစိုးရ အတည်ပြုချက်ရယူပြီးလည်း ကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။

ရေနံလုပ်ငန်းလုပ်ခွင့်ရရှိသူကနေ လုပ်ထုံးလုပ်နည်းနဲ့ ပဋိညာဉ်စာချုပ်ပါ စည်းကမ်းချက်တွေ ချိုးဖောက်တာ၊ သတ်မှတ်တာဝန် ချိုးဖောက်တာတွေအတွက် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တွေကို သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ခွင့်ပြုမိန့်မဲ့ ရေနံလုပ်ငန်း လုပ်ကိုင်တာ၊ မမှန်မကန်အစီရင်ခံတာနဲ့ ရေနံလုပ်ငန်းကို နှောင့်ယှက်ခြင်း တွေအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကိုလည်း သတ်မှတ်ထားပါတယ်။

ခွင့်ပြုမိန့်ရရှိသူဟာ ထုတ်လုပ်ရရှိတဲ့ ရေနံစိမ်း/သဘာဝဓာတ်ငွေ့တွင်းထိပ် စုစုပေါင်းတန်ဖိုး သို့မဟုတ် ပမာဏရဲ့ ၁၂.၅% ကို ဘဏ္ဍာတော်ကြေးအဖြစ် ငွေသား/ရေနံဖြင့် နိုင်ငံတော်ဘဏ္ဍာငွေသို့ ပေးဆောင် ရပါမယ်။

ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်အင်တာနက်စာမျက်နှာမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဥပဒေကြမ်းဖတ်ရှူရန်