Posted in Political Institutions on Feb 15, 2019

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဆောလျင်စွာ" ဖွဲ့စည်းနိုင်ရေး အဆိုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဇန်နဝါရီလ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသားလူနည်းစုပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းပုံပြင်ရေးကိုပဲ အားလုံးက သဘောတူညီစွာ ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ" ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ အချိန်ကာလသက်တမ်းတို့ကိုလည်း မကြာခင် သိရတော့မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို အဆိုတင်သွင်းမှုကို ထောက်ခံထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါက်တာမြတ်ဉာဏစိုးက ဝင်ရောက်ဆွေးနွေးမှု၊ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ရှင်းလင်းမှုတွေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီစုံက ကိုယ်စားလှယ်တွေနဲ့ အချိုးညီဖွဲ့စည်းသွားမယ်လို့သိရသလို၊ ဖွဲ့စည်းဖို့လည်း ကြိုးစားနေတာ တွေ့ရပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရကာလကတည်းက စတင်ခဲ့တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ပင်လုံညီလာခံအနေနဲ့ ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ သဘောတူညီချက် ၅၁ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်အနေနဲ့ ရရှိထားပြီးဖြစ်ပါတယ်။ အစိုးရသက်တမ်း သုံးနှစ်ပြည့်ခါနီးအချိန်နဲ့ လွှတ်တော်သက်တမ်း သုံးနှစ်ပြည့်အချိန်မှာ NLD ပါတီမှ "ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန်" အရေးကြီးအဆိုတစ်ရပ်တင်သွင်းရာမှ ပေါ်ထွက်လာမည့် ကော်မတီသည် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဟု တောင်းဆိုနေကြသော တိုင်းရင်းသားလူနည်းစုများ၏နိုင်ငံရေးဆန္ဒများအတွက်သော်လည်းကောင်း အထောက်အပံ့ဖြစ်စေဖို့ လိုအပ်ပါသည်။ပြင်ဆင်ရန်ခက်ခဲတယ်လို့ နိုင်ငံသားတွေက ယူဆထားကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်တယ် ပြင်ဆင်ရမယ်လို့ ပါတီအားလုံးနီးပါးနဲ့ တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့တွေက သဘောတူညီနေကြချိန်မှာ နိုင်ငံသားတွေအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တက်တက်ကြွကြွပါဝင်နိုင်ဖို့ လိုပါတယ်။

ဘယ်လိုပဲစိုးရိမ်ပူပန်မှုများရှိနေပေမယ့် ငြိမ်းချမ်းရေးကိုတော့ နိုင်ငံသားအားလုံး လိုလားတောင့်တကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ့အတွက် ယခုပေါ်ထွက်လာမယ့် ကော်မတီကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိုဆောင်ရွက်ကြရာမှာ နိုင်ငံသားအားလုံးဟာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့ ဖွဲ့စည်းပုံပါပြဌာန်းချက်တွေကို မိမိတို့ရဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီ၊ အဖွဲ့အစည်းတွေကနေတဆင့် ပြင်ဆင်ရေးကော်မတီကို ပေးပို့တာပဲဖြစ်ဖြစ်၊ လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာပဲဖြစ်ဖြစ် ပါဝင်ကြဖို့ လိုအပ်ပါတယ်။

ပြင်ဆင်ရေးကော်မတီဖွဲ့စည်းပြီးနောက် ဘာတွေလုပ်ကြမလဲ

ကော်မတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ သက်တမ်းတွေကို သတ်မှတ်ထားရှိမှာ ဖြစ်တဲ့အလျောက် ကော်မတီရဲ့ သက်တမ်းကာလအတွင်းတွင် ပြင်ဆင်ရန် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကို ရှာဖွေဖော်ထုတ်ခြင်း၊ ကော်မတီအတွင်းညှိနှိုင်းခြင်း၊ အကြံဉာဏ်များရယူခြင်း၊ ပြင်ဆင်မည့်အချက်တွေကို လွှတ်တော်သို့တင်ပြခြင်း၊ လွတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခြင်း စတာတွေကို အဆင့်ဆင့်လုပ်ဆောင်သွားမယ်လို့ ယူဆရပါတယ်။ အဲ့ဒိနောက်မှာတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ပြီးပြတ်ခြင်းမရှိတဲ့ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံသားတွေရဲ့ ဆန္ဒကို ခံယူနိုင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပနိုင်ဖို့အတွက် ပထမအကြိမ်လွှတ်တော်ကာလကတည်းက " ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကိုပြင်ဆင်သည့်ဥပဒေကြမ်းအတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေနှင့် ယင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ" တွေကို ပြဌာန်းထားခဲ့ဖူးပါတယ်။ ဒီဥပဒေတွေအရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင်အဖြစ် တာဝန်ယူဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးရမှာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာ အပြီးကျင်းပပေးရမှာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် နေ့ရက်ကိုလည်း အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်ကြေညာပေးရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဝင်ပေါက်များ

၂၀၁၁ ခုနှစ် လွှတ်တော်တွေ စတင်ပေါ်ပေါက်လာချိန်ကစပြီး ရှစ်နှစ်တာကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လွှတ်တော်ပြင်ပကြိုးပမ်းမှုများမဟုတ်ဘဲ လွှတ်တော်တွင်းဆောင်ရွက်မှုအနေဖြင့် နှစ်ကြိမ်ရှိခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ကြိမ်ပြင်ဆင်ခဲ့ဖူးသေးပေမယ့် ထပ်မံပြင်ဆင်ရန်လိုအပ်တယ်လို့ နိုင်ငံသားများအားလုံးနီးပါးက လက်ခံထားကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ကိစ္စရပ်တွေနဲ့လည်း ဆက်စပ်နေတာဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ရှည်ကြာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ အခြေခံနိုင်ငံရေးသဘောမတူညီမှုများ၊ နိုင်ငံရေးအရတန်းတူညီမျှမှုမရှိဟုယူဆစရာ အကြောင်းခြင်းရာတွေကြောင့် မပြီးဆုံးနိုင်သေးတာ ဖြစ်ပါတယ်။ ဒီ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ရှည်ကြာနေပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

အရေးကြီးအဆိုကို တိုင်းရင်းသားလူနည်းစုပါတီတွေလည်း ဝင်ရောက်ဆွေးနွေးရာမှာ ၎င်းတို့ရဲ့ အလေးပေးချက်တွေဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အခြေခံ ဆွေးနွေးခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်တွင်း ယခုလို အဆိုတင်သွင်း ကြိုးပမ်းဆောင်ရွက်ခြင်းမရှိခင်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ရရှိတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပုံဖော်နိုင်ဖို့ တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဒီလို ကြိုးပမ်းကြရာမှာလည်း ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း (၁) နဲ့ အပိုင်း (၂) အရ မူသဘောဆိုင်ရာ သဘောတူညီချက် ၅၁ ချက် ရရှိထားပြီး ဖြစ်ပါတယ်။ NCA စာချုပ်အရ ပြည်ထောင်စုသဘောတူညီချက်ရရှိထားသော အချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ပြင်ဆင်ဆင်ရန်နှင့်တည်ဆဲဥပဒေများကို ပြင်ဆင်ရန် ပါရှိပါက ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းရမည်လို့လည်း ပါရှိပါတယ်။

ဒီလို နိုင်ငံရေးဆိုင်ရာ ပေးထားချက်တွေကို ကိုင်တွယ်ဆောင်ရွက်ရမယ့် ကော်မတီရဲ့ သက်တမ်းနဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ သက်တမ်းကို ထည့်စဉ်းစားဖို့လိုလာပါတယ်။ ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ ဒုတိယအကြိမ်လွှတ်တော်ဟာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော်ရွေးကောက်ပွဲကနေတစ်ဆင့် တက်လာမယ့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်မှာ ယခုလက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်ထပ်ပါလာမလဲဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဒီ့အတွက် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်တယ်လို့ တစ်ညီတစ်ညွတ်တည်း ပြောဆိုဆွေးနွေးနေကြတဲ့အချိန်မှာ ရရှိတဲ့ အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ လိုပါတယ်။

ကျန်ရှိသည့်လွှတ်တော်သက်တမ်းကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် ပြည်ထောင်စုသဘောတူစာချုပ်ပါအချက် ၅၁ ချက်ကို အခြေခံမယ်ဆိုရင်တော့ လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်း ပြည့်ဖို့ရန်အတွက် လိုအပ်လာနိုင်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲကို ရရှိနိုင်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ နိုင်ငံသားများရဲ့ ဒီမိုကရက်တစ်အဖွဲ့အစည်းများတွေအပေါ် ယုံကြည်မှု ပိုမိုအားကောင်းလာအောင်လည်း ရည်မှန်းချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ယုံကြည်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကိုလည်း အလေးပေးဆောင်ရွက်ရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသားတွေနဲ့ အစိုးရအကြား လူမှုရေးသဘောတူညီချက်တစ်ရပ်ဖြစ်တဲ့အတွက် ဒီလိုဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွ ပါဝင်ဖို့ရော၊ နိုင်ငံသားတွေရဲ့ လိုလားချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးဖို့ပါ လိုအပ်နေပါတယ်။

လှမျိုးကျော် ရေးသားသည်။