Posted in ဥပဒေရေးရာ သုတေသန on Feb 20, 2020
ပြင်ဆင်ချက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာပေါ်မှာ ၂၅.၀၂.၂၀၁၉ ရက်စွဲနဲ့ တင်ထားတာကို တွေ့ရပါတယ်။ အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီက တင်သွင်းလာတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ ကော်မတီ အစီရင်ခံစာ ဖတ်ကြားထားပြီး ဖြစ်ပါတယ်။
လက်ရှိအခြေအနေ (၂၀.၀၂.၂၀၂၀) – ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။
(၁) ဥပဒေကြမ်းမိတ်ဆက်
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်/လွတ်/လုံ ဥပဒေ) ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့တာ ဖြစ်ပြီး ၆ လ အကြာ ၀၈.၀၃.၂၀၁၇ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
နိုင်/လွတ်/လုံဥပဒေဟာ တခြားဥပဒေတွေနဲ့ မတူတဲ့ ထူးခြားချက်တွေ ရှိပါတယ် (ဒီမှာ ဖတ်ရှုနိုင်ပါတယ်)။ အဲဒီ ထူးခြားချက်တွေကြောင့်ပဲ တချို့ ပြဋ္ဌာန်းချက်တွေကို အနက်ဖွင့်ဆိုရာမှာ အခက်အခဲ တွေ့ခဲ့သလို၊ နည်းဥပဒေနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖို့ အာဏာအတွက် ဌာနတစ်ခုကို သီးသီးသန့်သန့် သတ်မှတ်မပေးထားခဲ့တာကြောင့် ဥပဒေအနက်ဖွင့်ဆိုမှု အာဏာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။
(၂) ဥပဒေကြမ်းအနှစ်ချုပ်
ဥပဒေကြမ်းမှာ တာဝန်ရှိဝန်ကြီးဌာန၊ တရားစွဲဆိုခြင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်တဲ့ အာဏာ စတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီး ထပ်တိုးပြင်ဆင်ချက်ဆိုပြီး အဓိက ပြင်ဆင်ချက် (၃) ခု ပါရှိပါတယ်။
- အရင် နိုင်/လွတ်/လုံဥပဒေမှာ “သက်ဆိုင်ရာ ဝန်ကြီးဌာန” ကို ပြည်ထဲရေးဝန်ကြီးဌာနလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ အခု ပြင်ဆင်ချက်မှာတော့ “ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးခြင်းခံရတဲ့ ပြည်ထောင်စုဝန်ကြီးဌာန” လို့ ပြောင်းလဲလိုက်ပါတယ်။
- နောက်ထပ်တိုးပြဋ္ဌာန်းချက်ကတော့ နိုင်/လွတ်/လုံ ဥပဒေမှာ တားမြစ်ထားတဲ့ ပြစ်မှု ကျူးလွန်တာတွေအတွက် တရားစွဲဆိုရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမယ် လို့ ဆိုပါတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေဟာ အာမခံပေးနိုင်တဲ့ ပြစ်မှုတွေလို့ ဆိုပါတယ်။
- နောက်တိုးပုဒ်မတစ်ခုအရကတော့ နည်းဥပဒေနဲ့ စည်းမျဉ်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ခွင့်ရှိလာမှာ ဖြစ်ပြီး အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း လိုအပ်သလို ထုတ်ပြန်လာနိုင်မှာ ဖြစ်ပါတယ်။
ဆက်စပ်ဥပဒေ
ရာဇသတ်ကြီး
လင့်ခ်
ဆက်သွယ်ရန်
မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org