Posted in Legislative Analysis, Political Institutions on Aug 02, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ ဆွေး‌နွေးမှု ဒုတိယမြောက်နေ့အဖြစ် ပါတီ (၆) ပါတီက ကိုယ်စားလှယ် (၂၂) ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် နှစ်ဦးတို့ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၁၄)ဦး ဆွေးနွေးခဲ့ပြီး၊ ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနဲ့ အစီရင်ခံစာတင်သွင်းခြင်းဟာ ဖွဲ့စည်းပုံနဲ့ မညီညွှတ်ကြောင်း၊ လုပ်နည်းလုပ်ဟန် မမှန်ကြောင်းတွေကို ဆက်လက်ဆွေးနွေး ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုလည်း တင်သွင်းလွှာနှစ်စောင် တင်သွင်းခဲ့ကြောင်းနဲ့ တင်သွင်းလွှာတွေကို ခုံရုံးက ဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ခြင်း မလုပ်ဆောင်ခဲ့ဘဲ ဆုံးဖြတ်ပိုင်ခွင့်မရှိဟုဆိုကာ ပလပ်လိုက်ကြောင်းကိုလည်း ကိုယ်စားလှယ်တစ်ယောက်က ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးချက်တွေထဲက ထူးခြားတာကတော့ အရင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ ၂၀၁၇ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့မှာ ပြဋ္ဌာန်းတဲ့ မြန်မာကျောက်မျက်ရတနာဥပဒေနဲ့ မြန်မာခရီးသွားလုပ်ငန်းဥပဒေတို့အရ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာကြောင်းနဲ့ ဘဏ္ဍာရေး၊ စီမံကိန်းကဏ္ဍမှာလည်း အခွန်အခတွေ ပိုမိုကောက်ခံရရှိလာတာ တွေ့ရကြောင်းကို ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ နောက်ကိုယ်စားလှယ်တစ်ဦးကလည်း အစီရင်ခံစာပါ အချို့အချက်တွေကို ထောက်ခံဆွေးနွေးခဲ့သလို ဖွဲ့စည်းပုံပြင်ဆင်ရေးကိုတော့ ဖွဲ့စည်းပုံပါ ပြင်ဆင်ခြင်းနည်းလမ်းဖြင့်သာ ပြင်ဆင်သင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးခဲ့ရာမှာတော့ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) ကိုယ်စားလှယ်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၇၊ ၈) တို့ကို ဆွေးနွေးခဲ့ပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစား ပြည်သူက ရွေးကောက်ပေးတဲ့ မြူနီစပယ်များဖြင့် လုပ်ဆောင်သင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရန် အကြံပြု ဆွေးနွေးခဲ့ကာ အစီရင်ခံစာပါ အပိုဒ် ၂၃ ကို ကန့်ကွက်ကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။ နောက်ထပ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဖြစ်တဲ့ မကွေး မဲဆန္ဒနယ် အမှတ် (၅) လွှတ်တော်ကိုယ်စားလှယ်က ဖက်ဒရယ်စနစ်ပုံစံတွေကို ဆွေးနွေးပြီး အစီခံစာအရ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်မယ်ဆိုတဲ့အတွက် အောင်မြင်ရန်မလွယ်ကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးမှုမှာတော့ ကော်မတီရဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ခြင်းအခန်းရှိ ပြဋ္ဌာန်းချက်များဖြင့်သာ ပြင်ဆင်မည်ဟု ဖော်ပြထားရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချိန်ဇယား တိတိကျကျ သတ်မှတ်ရန်လိုအပ်ကြောင်းနဲ့ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ (က) အရ ပြင်ဆင်ရန်လိုအပ်တဲ့ ပုဒ်မတွေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာ ဖြစ်တာ‌‌ကြောင့် အချိန်မလုံလောက်နိုင်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အစီရင်ခံစာမှာ တိုင်းရင်းသားပါတီတွေ တင်ပြထားတဲ့အချက်တွေ အလဟဿ ဖြစ်သွားမှာ စိုးရိမ်ကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့ တင်ပြချက်တွေကို များရာမဲနှင့် အနိုင်မယူကြဖို့ လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးမှုမှာတော့ ထိပ်သီးခေါင်းဆောင်များ ပြေလည်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းပွင့်သွားနိုင်ကြောင်း၊ နိုင်ငံရေးအင်အားစုအသီးသီးက ပူးပေါင်းဖို့ လိုအပ်ပြီး တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လက်တွေ့ကျကျ ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ဆွေးနွေးသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်သုံးဦး ပါဝင်ဆွေးနွေးခဲ့ပြီး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေများကို မသွေဖီဘဲ လိုက်နာဆောင်ရွက်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတစ်ခု ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဟာ နိုင်ငံ့ဂုဏ်သိက္ခာဖြစ်ပြီး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်တွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရလာကာ ဒီအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း ပေါ်ထွက်လာစေရန် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးသွားခဲ့ကြပါတယ်။

တအာင်း (ပလောင်)အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်က ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး လုပ်နည်းလုပ်ဟန်လွဲမှုကို ထောက်ပြတာတွေ့ရပေမယ့် ပူးပေါင်းကော်မတီဖွဲ့စည်းကာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေခြင်းတွေဟာ တိုင်းရင်းသားလူနည်းစုများရဲ့ အသံကို ဖော်ပြခွင့်ရတဲ့ အခွင့်အရေးတစ်ခုလို့ မြင်မိပါကြောင်း၊ ပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုရမှာ ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ချက်ခြင်းပြုပြင်သွားနိုင်မှာ မဟုတ်ပေမယ့် ပြုပြင်သင့်တဲ့အချက်တွေကို လုပ်ဆောင်နိုင်တဲ့သူတွေက လုပ်ဆောင်သွားရမယ် ထင်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးမှုမှာတော့ ကော်မတီရဲ့ အစီရင်ခံစာကို လေ့လာကြည့်ရင် တိုင်းပြည်မှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ပေါ်ထွက်လာစေရေးအတွက် နိုင်ငံရေးပါတီအသီးသီးရဲ့ နိုင်ငံရေးစိတ်ဆန္ဒများကို မြင်တွေ့ရပါကြောင်းနဲ့ နိုင်ငံရေးအင်အားစု အသီးသီးက အတူတကွ လက်တွဲပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ခု ရေးဆွဲ ချမှတ်နိုင်ဖို့လိုကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုဟာ ဒုတိယရက်မြောက်နေ့မှာ ပြီးစီးခဲ့ပါတယ်။

အရင်က လွှတ်တော်အသီးသီးမှာ အစီရင်ခံစာတွေ တင်သွင်းလာရင် ဆွေးနွေးမှုအပြီးသတ်တာနဲ့ ချက်ချင်းမဲခွဲဆုံးဖြတ်လေ့ ရှိပါတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးမှု အပြီးသတ်သွားပေမယ့် မဲခွဲဆုံးဖြတ်မှု မလုပ်ဆောင်သေးဘဲ ကျန်လုပ်ငန်းစဉ်များဆက်လက် ဆောင်ရွက်မယ့် နေ့ရက်အား ထပ်မံအသိပေးမယ်ဖြစ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကမှ ကြေညာထားပါတယ်။