Posted in Legislative Research on Jul 29, 2020

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်ကတည်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံ့အချုပ်အခြာအာဏာကို စီမံအုပ်ချုပ်ခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ ကြားကာလ နှစ်ကြိမ် ရှိခဲ့ဖူးပြီး (၃၅) နှစ် နီးပါး ကြာခဲ့ပါတယ်။ ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်) နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တို့ ဖြစ်ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၁၁၁ ဦး ပါဝင်တဲ့ ကော်မတီနဲ့ သုံးလတာ ရေးဆွဲပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာ တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖွဲ့ဝင် ၉၇ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်က သုံးနှစ်နီးပါး အချိန်ယူရေးဆွဲခဲ့ကာ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ အမျိုးသားညီလာခံ ခေါ်ယူကျင်းပပြီး ၁၅ နှစ်ခန့် ကြာပြီးနောက် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ပြည်သူ့လွှတ်တော် ခေါ်ယူပြီးနောက် စတင် အသက်ဝင်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ခေတ်ကာလတစ်ခုကို ထင်ဟပ်လေ့ရှိပြီး နောက်ဆက်တွဲ ပေါ်ထွက်လာမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်တွေကို သတ်မှတ်ပေးပါတယ်။ အလားတူပဲ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းခဲ့သမျှ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာကြည့်ရင် ခေတ်ကာလဖြတ်သန်းမှုအလိုက် ကွဲပြားခြားနားချက်တွေ ရှိပေမယ့်လည်း အဓိက တူညီတဲ့ အချက်အချို့ကိုလည်း တွေ့ရှိနိုင်ပါတယ်။

ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုမှာ အဓိက အပိုင်း (၇) ပိုင်း ရှိကြတာကို တွေ့ရပါတယ်။ နိဒါန်း၊ နိုင်ငံတော်အခြေခံမူ၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ အာဏာမဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတို့ရဲ့ အခန်းကဏ္ဍ၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ တာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနဲ့ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်တွေ ဖြစ်ကြပါတယ်။ ဒီစာစုမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးသားခြင်းနည်းလမ်းတစ်မျိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဖော်ပြသွားမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသားပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ဖွဲ့စည်းရာမှာ လူမျိုးစုနဲ့ ပြည်သူ့လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ လူမျိုးစုလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၂၅) ဦး သတ်မှတ်ထားပြီး ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်အရေအတွက်ကို လူမျိုးစုလွှတ်တော် အရေအတွက်ရဲ့ နှစ်ဆနီးပါး ရှိနိုင်သမျှ ရှိရမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။ နောက်ဆုံး ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ ကယားပြည်နယ်နဲ့ ချင်းဝိသေသတိုင်းတွေအတွက်တော့ ရရှိနိုင်တဲ့ ကိုယ်စားလှယ်အချိုးအစားကို တိုးမြှင့်ပေးနိုင်တယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ချက်ကို “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရန်ဥပဒေကြမ်း" အဖြစ် ဖော်ပြပြီး လွှတ်တော်တစ်ရပ်ရပ်မှာ တင်သွင်းနိုင်ပါတယ်။ လွှတ်တော်အသီးသီးက အတည်ပြုရင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှာ ဆွေးနွေးရပါမယ်။ သုံးပုံ နှစ်ပုံအောက် မလျော့တဲ့ လွှတ်တော်အမတ်တွေက ထောက်ခံမဲပေးရင် အတည်ဖြစ်ပါတယ်။ တတိယဇယားရှိ ပြည်နယ်ဥပဒေပြုစာရင်း၊ စတုတ္ထဇယားရှိ ပြည်နယ်အခွန်တော်စာရင်းနဲ့ ပြည်နယ်ကိုယ်စားလှယ်အမတ်ရဲ့ လိုအပ်တဲ့ အရည်အချင်း ပျက်ယွင်းခြင်းအတွက် ကြေညာထားတဲ့ ပါလီမန်အက်ဥပဒေ စတာတွေအတွက်တော့ တွဲဖက်အစည်းအဝေးကို တက်ရောက်မဲပေးခွင့်ရှိတဲ့ သက်ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် ပြည်နယ်အသီးသီးရဲ့ အမတ်အများစုက ထောက်ခံမဲပေးမှသာ အတည်ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသား ဒါမှမဟုတ် ချင်းအမျိုးသားတွေကို ပေးအပ်ထားတဲ့ အခွင့်အရေးကို ယုတ်လျော့စေမယ့် ပြင်ဆင်ချက်ဥပဒေကြမ်းတွေအတွက် သက်ဆိုင်ရာ အမျိုးသားကိုယ်စားလှယ်အမတ်တွေက မဲပေးမှသာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေးက အတည်ပြုချက် ပေးရမှာ ဖြစ်ပါတယ်။ အတည်ပြုချက်ရရင် နိုင်ငံတော်သမ္မတထံ တင်ပြပြီး သမ္မတက ချက်ချင်းလက်မှတ်ထိုး ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသမိုင်းကို ကြည့်ရင် ၁၉၅၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၉ ခုနှစ်တွင် နှစ်ကြိမ်နဲ့ ၁၉၆၁ ခုနှစ်တွင် လေးကြိမ်နဲ့ စုစုပေါင်း (၇) ကြိမ် ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြို့နယ်တွေကို အခြေခံပြီး တစ်မြို့နယ် ကိုယ်စားလှယ် တစ်ဦးနှုန်းနဲ့ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပါတယ်။ လူဦးရေများတဲ့မြို့နယ်တွေ၊ မြို့နယ် ဆယ်မြို့နယ်နဲ့ လူဦးရေ ဆယ်သိန်းထက်နည်းတဲ့ ပြည်နယ်နဲ့ တိုင်းတွေအတွက်တော့ နောက်ထပ် ကိုယ်စားလှယ် ရရှိရေးအတွက် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကို တင်ပြရမည်ဖြစ်ကာ ပြည်သူ့ကောင်စီတွေကလည်း တင်သွင်းနိုင်ပြီး တင်သွင်းမယ်ရင် အောက်မှ အထက်ကို အဆင့်ဆင့် တင်ပြပြီး နောက်ဆုံးမှာတော့ ပြည်သူ့လွှတ်တော်ကို တင်ပြရပါမယ်။ "အခန်း (၁၅) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း" အပါအဝင် "အခန်း (၁) နိုင်ငံတော်”၊ အခန်း (၂) အခြေခံမူများ”၊ "အခန်း (၃) နိုင်ငံတော်ဖွဲ့စည်းပုံတည်ဆောက်ပုံ” နဲ့ "အခန်း (၄) ပြည်သူ့လွှတ်တော်” ထဲရှိ သတ်မှတ်ထားတဲ့ ပုဒ်မတွေကို ပြင်ဆင်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းက သဘောတူလက်ခံရမှာ ဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရပါမယ်။ ဆိုခဲ့ပါ သတ်မှတ်ထားတဲ့ ပုဒ်မတွေ မဟုတ်တဲ့ တခြားပြဋ္ဌာန်းချက်တွေကိုတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်း ဆန္ဒမဲနဲ့ ပြင်ဆင်နိုင်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၁ ခုနှစ်တွင် တစ်ကြိမ် နဲ့ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ခဲ့တာကို တွေ့ရှိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ပါတယ်။ "အခန်း (၁) နိုင်ငံတော်အခြေခံမူများ”၊ "အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ”၊ "အခန်း (၃) နိုင်ငံတော်အကြီးအကဲ”၊ အခန်း (၄) ဥပဒေပြုရေး”၊ အခန်း (၅) အုပ်ချုပ်ရေး”၊ "အခန်း (၆) တရားစီရင်ရေး”၊ "အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” နဲ့ "အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း” စတဲ့ အခန်းတွေထဲက သတ်မှတ်ထားတဲ့ ပုဒ်မတွေကို ပြင်ရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရပါမယ်။ တခြားပြဋ္ဌာန်းချက်တွေကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့ ပြင်ဆင်နိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ် နဲ့ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် ပြင်ဆင်ခဲ့တာဖြစ်လို့ အခုဆိုရင် စုစုပေါင်းနှစ်ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန်းစစ်ကြည့်ခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မကို ကြည့်ရင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မနဲ့ အတော်လေး ဆင်တူတာကို တွေ့နိုင်ပါတယ်။ ပုဒ်မ ၄၃၆ (က) မှာ ဖော်ပြထားတဲ့ ပုဒ်မတွေဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကျော် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရမှာ ဖြစ်ပေမယ့် တခြားပုဒ်မတွေကတော့ ပုဒ်မ ၄၃၆ (ခ) အရ ၇၅ ရာခိုင်နှုန်းကျော်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်သာ လိုအပ်မှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ နှစ်ကြိမ်လုံးမှာ အဆိုပါ အမျိုးအစားနှစ်မျိုးလုံးနဲ့ အကျုံးဝင်တဲ့ ပြင်ဆင်ချက်တွေ ပါရှိတာကို တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ပြင်ဆင်ရာမှာ ပထမအမျိုးအစားထဲမှာ အကျုံးဝင်တဲ့ ပုဒ်မကတော့ "နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ အရည်အချင်း"ကို ဖော်ပြထားတဲ့ "ပုဒ်မ ၅၉ (ဃ)” ဖြစ်ပါတယ်။ ဇယား (၂) ဖြစ်တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဥပဒေပြုစာရင်းနဲ့ ဇယား (၅) ဖြစ်တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေ ကောက်ခံရမယ့် အခွန်အခ ဥပဒေပြုစာရင်းကတော့ ဒုတိယအမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။

၂၀၂၀ ခုနှစ် ပြင်ဆင်ရာမှာတော့ "မသန်မစွမ်း နဲ့ အိုမင်းမစွမ်း" မှ "မသန်စွမ်းနဲ့ သက်ကြီးရွယ်အို" ကို ပြင်ဆင်တဲ့ ပုဒ်မ ၃၂ ဟာ ပထမအမျိုးအစားထဲမှာ အကျုံးဝင်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၂ (က) (၁) နဲ့ "မသန်မစွမ်း" မှ "မသန်စွမ်း" ကို ပြင်ဆင်တဲ့ ပုဒ်မ ၃၄၄ က ဒုတိယအမျိုးအစားထဲ အကျုံးဝင်ပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ မှာ ပြင်ဆင်ခဲ့တဲ့ ဒုတိယအမျိုးအစားထဲပါဝင်တဲ့ ပြင်ဆင်ချက်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အစိတ်အပိုင်း ဖြစ်သွားပေမယ့် ပထမအမျိုးအစားမှာ ပါဝင်တဲ့ ပြင်ဆင်ချက်တွေကတော့ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ" အရ ဆန္ဒခံယူပွဲကျင်းပရဦးမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူမှုအပြောင်းအလဲကို ဟန့်တားနေသလား

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ ပင်မအရင်းအမြစ်ဖြစ်တဲ့အတွက် မကြာခဏ ပြင်ဆင်နေခြင်းကို တင်းကြပ်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း နှစ်ဆယ့်တစ်ရာစုနှစ်ရဲ့ အပြောင်းအလဲ မြန်ဆန်မှုတွေအတွက် ပြုလွယ်ပြင်လွယ် ဖြစ်ဖို့လည်း လိုပါတယ်။ ဆိုလိုတာက လူမှုအသိုင်းအဝိုင်းရဲ့ ပြောင်းလဲမှု၊ တောင်းဆိုမှုနဲ့ လိုလားမှုတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးက ခက်ခဲနေမယ်ဆိုရင် လူမှုရေးပဋိဉာဉ်သဘောဆန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူ့အဖွဲ့အစည်းနဲ့ အမြဲတမ်း ပဋိပက္ခ ဖြစ်နေပါလိမ့်မယ်။ အတိုင်းအတာတစ်ခုထိ ပြုပြင်လွယ်အောင် လုပ်ခြင်းကသာ လူမှုအသိုင်းအဝိုင်းရဲ့ အပြောင်းအလဲနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း လိုက်ပါ တိုးတက်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ရင် ဆိုခဲ့သလို လိုက်ပါပြောင်းလဲနိုင်ဖို့အတွက် ဟန့်တားနေတဲ့ အချက် (၂) ချက် ရှိနေပါတယ်။ တစ်အချက်က ပုဒ်မ ၄၃၆ (ခ) ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ရင် ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်ခုက ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ရယူထားခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရယူထားခြင်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုဖြစ်ပြီး သူတို့ဟာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရကို ထိန်းကျောင်းခြင်းနဲ့ ဘတ်ဂျတ်အတည်ပြုခြင်း ကိစ္စရပ်တွေနဲ့ ဆက်စပ်ခြင်းမရှိတဲ့အပြင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အပြောင်းအလဲအတွက်ကိုလည်း ကိုယ်စားပြုပေးနိုင်ခြင်း မရှိပါဘူး။

နှစ်အချက်က ပုဒ်မ ၄၃၆ (က) အရ ကြုံတွေ့ရတဲ့ အခက်အခဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ (ခ) လို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူမှုအပြောင်းအလဲကို ကိုယ်စားပြုပေးနိုင်ခြင်း ရှိ-မရှိဆိုတဲ့ မေးခွန်း ရှိနေသလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ့် ပုံစံကလည်း အဟန့်အတား ဖြစ်နေပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရမယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အခက်တကာ့ အခက်ခဲဆုံး ပြဋ္ဌာန်းဟန့်တားချက်တစ်ခု ဖြစ်လို့ နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူမှုအပြောင်းအလဲအတွက် ဟန့်တားနေတယ်ဆိုတာကို မကြားသေးမီက အားထုတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို အနီးစပ်ဆုံး ကြည့်နိုင်ပါတယ်။ "မသန်စွမ်း" ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ရာမှာ နှစ်နေရာ ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်ချက်ကြောင့် တစ်နေရာသာ အတည်ဖြစ်ခဲ့ပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရတာက အဟန့်အတားတစ်ခု ဖြစ်နေတယ်ဆိုတာက အကြောင်းရင်းများစွာ ရှိနိုင်ပေမယ့် ဆန္ဒခံယူပွဲရဲ့ တမူခြားနားတဲ့ ပုံစံက အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

"မသန်စွမ်း"ဆိုတဲ့ ပြင်ဆင်ချက်က စကားရပ်တစ်ရပ်ဖြစ်ပေမယ့် တစုံတရာသော ချို့ယွင်းချက်ကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ အဖယ်ကျဉ်ခံဖြစ်ခဲ့ရတဲ့သူတွေအပေါ် ပြောင်းလဲလာတဲ့ ကောင်းမွန်တဲ့ လူမှုရေးခံယူချက်တစ်ခုကို ကိုယ်စားပြုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေး ဥပဒေ" မှာ "မသန်မစွမ်း" ဆိုတဲ့ စကားရပ်ကို သုံးထားပေမယ့် ၂၀၁၅ မှာတော့ "မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ" ဆိုပြီး "မသန်စွမ်း" ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲလာပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း "သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ" မှာ "အိုမင်းမစွမ်း" ဆိုတဲ့ အသုံးအနှုန်းကို မတွေ့ရတော့ပါဘူး။

ထူးခြားမှုတစ်ခုကတော့ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းထဲမှာ ပါရှိတဲ့ "မသန်မစွမ်း" ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဇယား (၂) ထဲမှာပါတဲ့ စကားရပ်ဟာ ၂၀၁၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ ထပ်တိုးလာတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ဖြစ်တဲ့အတွက် မေ့လျော့ပျက်ကွက်ခြင်း မရှိခဲ့သင့်ပါဘူး။ ဒါက ဘာကို ညွှန်းဆိုနေသလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အချိန်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေမက အကျိုးစပ်ဆိုင်သူအားလုံးနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မှသာ ရှုထောင့်စုံပြီး ပြည့်စုံနိုင်မယ်ဖြစ်ကြောင်း သတိပေးနေသလို ဖြစ်နေပါတယ်။

ဒီလို စကားရပ်တွေအပြင် ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့ လူမှုအသိုင်းအဝိုင်းကို အသေအချာ ဂရုဓမ္မထားပြီး ကြည့်ရင် လူမှုအပြောင်းအလဲများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ လူ့အခွင့်အရေးမှသည် အမျိုးသမီးအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေးအထိ ကျယ်ပြန့်ထိရောက်တဲ့ အကာအကွယ်၊ အာမခံတွေ တောင်းဆိုနေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲ၊ တောင်းဆိုမှုနဲ့ လိုလားမှုတွေအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အချိန်နဲ့ အကုန်အကျတွေ များပြားနေရင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာကို ပျက်ကွက်ရာ ကျပါမယ်။ အဲဒါကြောင့် လူမှုအသိုင်းအဝိုင်းကိုအပြောင်းအလဲနဲ့အညီ လိုက်ပါပြောင်းလဲပေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အဟန့်အတားတွေကို သက်ဆိုင်သူအားလုံးအနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားသုံးသပ်မှသာ လူမှုရေးပဋိဉာဉ်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။

အကြံပြုချက်များ

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူမှုအပြောင်းအလဲနဲ့အညီ ဖြစ်စေဖို့ ဟန့်တားနေတဲ့ အချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ဦးစွာ လွှတ်တော်ထဲရှိ အမတ်တစ်ဦးချင်း တစ်ယောက်စီတိုင်းဟာ ပြည်သူလူထုကို အမှန်ကိုယ်စားပြုပေးတဲ့ အရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်စေဖို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို လျှော့ချပယ်ဖျက်ရပါမယ်။

၂။ လွှတ်တော်ကနေ သဘောတူလက်ခံလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ခံယူရာမှာ ရရှိရမယ့် ထောက်ခံဆန္ဒမဲအရေအတွက် သတ်မှတ်ချက်နဲ့ပတ်သက်ရင် တခြားနည်းလမ်းနဲ့ အစားထိုးစဉ်းစားရပါမယ်။

၃။ အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုရေးဆိုင်ရာစံနှုန်းတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်တွေဟာ ပြင်ဆင်ဖို့ ခက်ခဲနေမယ်ဆိုရင် အခြေခံဥပဒေဟာ လူမှုအဝန်းအဝိုင်းရဲ့ ဆန္ဒတွေနဲ့ ထပ်တူညီနေမှာ မဟုတ်ပါဘူး။ အဲဒီအတွက် လူမှုရေးဆိုင်ရာစံနှုန်းတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်တွေကို ပြင်ဆင်ဖို့အတွက် ပြင်ဆင်ရေးနည်းလမ်းကိုလည်း သီးခြားစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးနဲ့ လူသားတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ရပိုင်ခွင့်၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို မည်သည့်အကြောင်းပြချက်နဲ့မျှ ချိုးဖောက်ခံရခြင်း မရှိရအောင် အာမခံချက် အပြည့်အဝပေးဖို့ ပြင်ဆင်သွားရပါမယ်။

လှမျိုးကျော် နှင့် မိုးအောင် ရေးသားသည်။