အာရုံစိုက်ဖို့ လိုသေးတဲ့ တရားစီရင်ရေး

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အခန်းကဏ္ဍ

By လှမျိုးကျော် on June 26, 2018

ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် အများအားဖြင့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ အာဏာသုံးရပ်ကို သီးခြားခွဲဝေကျင့်သုံးကြရသည်။ ယင်းသို့အာဏာများကို ခွဲဝေကျင့်သုံးရာတွင်လည်း အာဏာမဏ္ဍိုင်အချင်းချင်းကြားတွင် တစ်ခုနှင့်တစ်ခု လွှမ်းမိုးမှုမရှိစေရန်နှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းနိုင်ရန် ဆောင်ရွက်ကြမှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရများကို ရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပြန်လည်စတင်ကူးပြောင်းလာခဲ့သည့်အချိန်မှစ၍ တစ်စုတစ်စည်းတည်းချုပ်ကိုင်လာခဲ့သော အာဏာမဏ္ဍိုင်သုံးရပ်ကို သီးခြားခွဲဝေကျင့်သုံးနိုင်ရန် စတင်လာခဲ့သည်။ ထိုသို့အာဏာများခွဲဝေကျင့်သုံးရာမှ ဥပဒေပြုရေးမဏ္ဍိုင်သည် ဥပဒေများ အသစ်ရေးစွဲခြင်း၊ ပြင်ခြင်း၊ ဖျက်ခြင်းများနှင့်အတူ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို စိစစ်ထိန်းကျောင်းမှု ပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းမြောက်မြားစွာ အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုကိုခံခဲ့ရသည့် တရားရေးမဏ္ဍိုင်တွင်မူ သိသာထင်ရှားလှသော အပြောင်းအလဲများအား မြင်တွေ့ရခြင်းမရှိခဲ့ပါ။ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့မည်မျှပင် အလုပ်လုပ်စေကာမူ နိုင်ငံသားအများစုက တရားစီရင်ရေးစနစ်အပေါ်တွင် ယုံကြည်အားထားမှုရှိမှသာလျှင် လူ့အဖွဲ့အစည်းအတွင်းငြိမ်းချမ်းသော၊ သဟဇာတဖြစ်သော အခြေအနေကိုရရှိနိုင်မည်ဖြစ်သည်။

‘ဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရ’ဆိုသော စကားရပ်နှင့်အညီ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ တန်းတူညီမျှအခွင့်အရေးရှိပြီး ဥပဒေ၏အကာအကွယ်ကို ခံစားရရှိရန်လိုအပ်သည်။ တရားစီရင်ရေးစနစ်နှင့် တရားရုံးများ၏ ဥပဒေနှင့်အညီလွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်၊ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့မှ လွှမ်းမိုးလာနိုင်မှုကို ဖယ်ရှားနိုင်မှုတို့မှာ တရားဥပဒေစိုးမိုးရေးတွင် လွန်စွာအရေးကြီးပါသည်။

မြန်မာနိုင်ငံ၏တရားစီရင်ရေးကဏ္ဍတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ၎င်းကကြီးကြပ်သော တရားရုံးများ၊ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍ ရှိပြီး စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့၏ စီရင်ပိုင်ခွင့်အာဏာများမှအပ ကိစ္စရပ်များအတွက် ပြည်ထောင်စုတရားလွတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားဖြစ်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းထားရှိပုံ၊ခန့်အပ်ခြင်းဆိုင်ရာနှင့် လုပ်ပိုင်ခွင့်တာဝန်တို့ကို နိုင်ငံသားများ သိရှိပြီး တရားစီရင်ရေးမဏ္ဍိုင် ပိုမိုကောင်းမွန်စေရန် ပါဝင်အကြံပြုနိုင်ရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တွင် ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် တရားလွှတ်တော်ချုပ်တရားသူကြီး အနည်းဆုံး ခုနစ် ဦးမှ အများဆုံး ၁၁ ဦး အထိ ခန့်ထားနိုင်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို သမ္မတမှ အမည်တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်သည်။ တရားလွှတ်တော်ချုပ် တရားသူကြီးများကို တရားသူကြီးချုပ်နှင့် ညှိနှိုင်း၍ ပြည်ထောင်စုလွှတ်တော်သဘောတူညီချက်ဖြင့် သမ္မတမှ ခန့်အပ်သည်။ သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည်စုံကြောင်း ပြသနိုင်ခြင်းမရှိပါက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများကို လွှတ်တော်မှ ငြင်းပယ်ခွင့်မရှိပါ။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းဖြစ်လျှင် တာဝန်ပေးအပ်ခြင်းခံရသည့်အချိန်မှစ၍ အငြိမ်းစားယူပြီးဖြစ်ရသည်။ နောင်လာမည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံမည့်ပုဂ္ဂိုလ်ဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရေးအား ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ရွေးကောက်ပွဲဆိုင်ရာစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်တရားလွှတ်တော်ချုပ်တရားသူကြီးများသည် ရာထူးမှနုတ်ထွက်ခြင်း၊ ရာထူးမှရပ်စဲခံရခြင်း၊ ဆေးအဖွဲ့၏ ဆေးစစ်ချက်အရ ကျန်းမာရေးချို့ယွင်းခြင်းတို့မှအပ အသက် ၇၀ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်နိုင်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများကို ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ပေးအပ်သောတာဝန်မကျေပွန်ခြင်း စသည့်အကြောင်းများဖြင့် စွပ်စွဲပြစ်တင်လိုလျှင် သမ္မတသည် ပြည်ထောင်စုလွှတ်တော်နာယက ထံတင်ပြရမည်။ နာယကသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်အရေအတွက်တူညီစွာဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးပြီးစီးရမည့် အချိန်ကာလပါ သတ်မှတ်ပေးပြီး စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးချက်တင်ပြလာလျှင် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့တင်ပြရပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံက စွပ်စွဲချက်မှန်ကန်ကြောင်းဆုံးဖြတ်၍ သမ္မတထံ အကြောင်းကြားလျှင် သမ္မတသည် စွပ်စွဲခံရသည့်ပုဂ္ဂိုလ်အား ရာထူးမှရပ်စဲရမည်။ လွှတ်တော်ကိုယ်စားလှယ်များမှ စွပ်စွဲပြစ်တင်လိုလျှင် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံမှ စွပ်စွဲချက်ကိုလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံ တင်ပြရသည်။ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်မှ ကိုယ်စားလှယ်အားလုံး၏အနည်းဆုံး သုံးပုံနှစ်ပုံ ထောက်ခံလျှင်ဆက်လက်ဆောင်ရွက်ရသည်။ ယင်းသို့ ဆက်လက်ဆောင်ရွက်ရာတွင် အခြားလွှတ်တော်တစ်ရပ်မှအဖွဲ့ဖွဲ့၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရသည်။ စုံစမ်းစစ်ဆေးပြီးနောက် လွှတ်တော်၏ သုံးပုံနှစ်ပုံ ထောက်ခံမှုဖြင့် စွပ်စွဲချက်မှန်ကန်ကြောင်းဆုံးဖြတ်၍ တင်ပြလျှင် သမ္မတက စွပ်စွဲခံရသောပုဂ္ဂိုလ်အား ရာထူးမှရပ်စဲရသည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်တို့၏ အစည်းအဝေးများနှင့် လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ၏ အစည်းအဝေးများသို့ တက်ရောက်သည့်အခါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးနိုင်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် နိုင်ငံတော် သို့မဟုတ် ပြည်သူများနှင့်သက်ဆိုင်သည့် အရေးကြီးသော တရားစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာတင်ပြနိုင်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်တရားသူကြီးများသည် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အခွင့်အရေးများ ခံစားနိုင်ရန်နှင့် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို တစ်နှစ်လျှင်တစ်ကြိမ် ကြည့်ရှုစစ်ဆေးရမည်။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားရယူရန် ကိစ္စရပ်များတွင် တိုက်ရိုက်တင်သွင်းနိုင်သည်။ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု၊ညီညွှတ်မှုများ ရှိမရှိ အငြင်းပွားမှုများ ပေါ်လာလျှင် အမှုစစ်ဆေးခြင်းကို ရပ်ဆိုင်းထားပြီး ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရမည်ဖြစ်ပြီး ခုံရုံးဆုံးဖြတ်ချက်သည် ထိုအမှုအားလုံးနှင့်သက်ဆိုင်စေရမည်။

မဏ္ဍိုင်သုံးရပ်ထိန်းကျောင်းမှုပုံစံများ

ဒီမိုကရေစီ၏အနှစ်သာရများ ပီပြင်စွာရရှိခံစားနိုင်ရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို အပြန်အလှန်ထိန်းကျောင်းမှုရှိသော ပုံစံဖြင့် မဏ္ဍိုင်သုံးရပ်ကို စနစ်တကျခွဲထားရန် လိုအပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေတွင်လည်းကောင်း နိုင်ငံတော်သမ္မတအား စွပ်စွဲပြစ်တင်ခွင့်ကို လွှတ်တော်အား ပေးအပ်ထားကြောင်းတွေ့ရပြီး လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် ဥပဒေတစ်ရပ် မပြဌာန်းနိုင်သေးသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိကြောင်း တွေ့ရသည်။ တရားရေးမဏ္ဍိုင်နှင့်ပတ်သက်၍ တရားရေးမဏ္ဍိုင်အားစွပ်စွဲပြစ်တင်ခွင့်ကို ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးမဏ္ဍိုင် နှစ်ရပ်လုံးအား ပေးအပ်ထားကြောင်း တွေ့ရသည်။ တရားစီရင်ရေးမဏ္ဍိုင်မှ အုပ်ချုပ်ရေးမဏ္ဍိုင်အား ပြန်လည်ထိန်းကျောင်းနိုင်ရန်မူ စာချွန်တော်ထုတ်ပိုင်ခွင့်ဆိုင်ရာများပေးအပ်ထားကြောင်းတွေ့ရသည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်ကချုပ်ဆိုသော ပြည်ထောင်အချင်းချင်းဆိုင်ရာစာချုပ်များ နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှုမှလွဲ၍ ပြည်ထောင်စုအစိုးရနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား အငြင်းပွားမှုများ၊ ဖွဲ့စည်းပုံအခြေခံဆိုင်ရာအငြင်းပွားမှုမှလွဲ၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေစသည်တို့အကြား ဖြစ်ပွားသည့် အငြင်းပွားမှုများ၊ ပင်လယ်ဓားပြမှုများ၊နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊အပြည်ပြည်ဆိုင်ရာ ဥပဒေကိုဖောက်ဖျက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သောပြစ်မှုများနှင့် ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသောအမှုများအတွက် မူလမှုစီရင်ပိုင်ခွင့်အာဏာရှိသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၊ တရားရုံးတစ်ရုံးရုံးကချမှတ်သော စီရင်ချက်၊ ဒီဂရီ သို့မဟုတ် အမိန့်များကို အယူခံမှု၊ ပြင်ဆင်မှုများကို စီရင်ပိုင်ခွင့်အာဏာရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် သေဒဏ်အမိန့်ကိုအတည်ပြုခြင်းနှင့်သေဒဏ်အမိန့်ကို အယူခံမှုအား စီရင်ပိုင်ခွင့်အာဏာရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မိမိ၏ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသောအမှုများနှင့်တရားရုံးတစ်ရုံးမှတစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုများကို စီရင်ပိုင်ခွင့်အာဏာရှိသည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာသုံး၍ ချမှတ်ထားသော စီရင်ချက်၊ ဒီဂရီ သို့မဟုတ် အမိန့်များကိုလည်း အယူခံဝင်ခွင့်ရှိပြီး၊အယူခံမှု စီရင်ပိုင်ခွင့်အာဏာသုံး၍ဖြစ်စေ၊ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာသုံး၍ဖြစ်စေ ချမှတ်ထားသော စီရင်ချက်၊ အမိန့်၊ ဒီဂရီများကိုလည်း အထူးအယူခံဝင်နိုင်သည်။အထူးအယူခံခုံရုံး သိုမဟုတ် စုံညီခုံရုံးဖြင့် စစ်ဆေးစီရင်ထားသော အမှုများကလွဲ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ်စစ်ဆေးစီရင်ထားသော မည်သည့်အမှုကိုမဆို အများပြည်သူအတွက် အရေးယူလောက်သော ပြဿနာ တစ်ရပ်ရပ်ပေါ်ပေါက်သည်ဟု ပြည်ထောင်စုတရားသူကြီးချုပ်က ယူဆလျှင် အထူးခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် ပြန်လည်စစ်ဆေးစီရင်နိုင်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စီရင်ပိုင်ခွင့်အာဏာများကို ကျင့်သုံးရာတွင် ပြည်ထောင်စုတရားသူကြီးချုပ်က သတ်မှတ်ပေးသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး တစ်ဦးဖြင့်ဖြစ်စေ၊တစ်ဦးထက်ပိုသော တရားသူကြီးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်၍ နောက်ဆုံးအယူခံဝင်ရာ တရားရုံးဖြစ်သည်။ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင်တရားရုံးများတွင်ရှိသော အရေးကြီးအမှုများကို တရားသူကြီးတစ်ဦးထက်ပိုသောခုံရုံးဖြင့် စစ်ဆေးရန် ညွှန်ကြားနိုင်သည်။​

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စာချွန်တော်များထုတ်ပိုင်ခွင့်ရှိပြီး နိုင်ငံအတွင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်ကြောင်းကြေညာသည့်ဒေသတွင်မူ စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားချက်ကို ရပ်ဆိုင်းထားရသည်။ စစ်မက်ဖြစ်ပွားချိန်၊ တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်ချိန်၊ ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားနေချိန်များတွင် အများပြည်သူလုံခြုံရေးဆိုင်ရာကိစ္စမှလွဲ၍ နိုင်ငံသားတို့၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို တောင်းခံပိုင်ခွင့်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ရပ်ဆိုင်းထားခြင်းမပြုနိုင်ပါ။

စီရင်ပိုင်ခွင့်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးဖြစ်ပြီး တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲနိုင်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေနှင့် ပတ်သက်သည့်ခုံရုံး၊ ရွေးကောက်ပွဲဆိုင်ရာတို့နှင့်ပတ်သက်သည့် ကော်မရှင်နှင့် စစ်ဘက်ဆိုင်ရာတရားရုံးများ အစရှိသည်တို့နှင့်ပတ်သက်၍မူ ဝင်ရောက်ထိန်းကျောင်းခွင့်မရှိကြောင်း တွေ့ရသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများသည် တပ်မတော်သားများနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ရသည်။ တပ်မတော်သားများသည် ထမ်းဆောင်ရသည့် တာဝန်များအရ သီးခြားပုံစံတစ်ရပ်ဖြင့်တရားစီရင်ခြင်းကိစ္စကို ဆောင်ရွက်ရသော်လည်း တပ်မတော်သားများသည် နိုင်ငံသားများဖြစ်၍ ၎င်းတို့၏ မူလအခွင့်အရေးများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ဒီမိုကရေစီနိုင်ငံရေးစနစ်၏အနှစ်သာရများဖြစ်ပေါ်လာစေရေးဖြစ်သည့် နိုင်ငံသားတို့ကမိမိတို့၏ အကျိုးစီးပွားများကို ဆောင်ရွက်ရန်ရွေးကောက်တင်မြှောက်ပေးလိုက်သောအစိုးရများသည် နိုင်ငံသားတို့၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ခွဲခြားအသုံးပြုရန် လိုအပ်ပြီး အချင်းချင်းအပြန်အလှန်ထိန်းကျောင်းနိုင်ရန်လည်း လိုအပ်ပါသည်။ နိုင်ငံသားများသည် မိမိတို့၏မူလအခွင့်အရေးများကို ဥပဒေနှင့်အညီ ရယူသုံးစွဲရာတွင် အကာအကွယ်ပေးနိုင်ရန်အတွက် တရားစီရင်ရေးမဏ္ဍိုင်၏ အမှီအခိုကင်းပြီး လွတ်လပ်စွာလုပ်ကိုင်နိုင်ခွင့်မှာ အရေးပါသဖြင့် အလေးထားဆောင်ရွက်သင့်ပါသည်။