အာနန္ဒာ

ပြန်သုံးသပ်ဖို့လိုနေတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့အခန်းကဏ္ဍ

By လှမျိုးကျော် on August 7, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ နဝမပုံမှန်အစည်းအဝေးတွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြန်လည်စတင်ခဲ့ပြီး ဘတ်ဂျက်ကာလသစ်မှာ ဘာတွေစတင် လုပ်လာနိုင်မလဲဆိုတဲ့အတွေးနဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ထိုင်ကြည့်နေမိပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ နဝမပုံမှန်အစည်းအဝေး ပထမနေ့မှာ မှတ်တမ်းတင်ခြင်း လေးခု၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း၊ သမ္မတရဲ့မှတ်ချက်နဲ့ ပြန်လာတဲ့ အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီအစီရင်ခံစာ တင်သွင်းတာရယ် ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များကော်မရှင်ရဲ့အဖွဲ့ဝင် လဲလှယ်တာရယ်အပြင် စိတ်ဝင်စားသွားမိတဲ့ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုကော်မတီဝင် ပါတီရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရဲ့ ခြောက်လပတ် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ လာရောက်တင်သွင်းတာကိုဖြစ်ပါတယ်။ ဦးဉာဏ်ဝင်းရဲ့အစီရင်ခံစာကို နားထောင်ရင်း ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ပေါ်ပေါက်လာစေတဲ့ ဥပဒေဆိုင်ရာအထာက်အကူပေးရေး ဥပဒေကို လေ့လာမိပါတယ်။

ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကာလမှာ အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလမှာ ပြင်ဆင်တဲ့ဥပဒေကို ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေမှာပါတဲ့ ပုဒ်မ ၄၅ အရ ပြည်ထောင်စု ဥပဒေအထောက်အကူပေးရေးအဖွဲ့ရဲ့ ဥပဒေအထောက်အကူပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နဲ့ပြည်ထောင်စုအစိုးရအဖွဲ့ကို ခြောက်လတစ်ကြိမ်တင်သွင်း ရမယ်လို့ပါရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အခုလို အစီရင်ခံစာ လာရောက်တင်သွင်းတာ ဖြစ်ပါတယ်။ အစီရင်ခံစာပါအသေးစိတ်အချက်အလက်တွေကို မသိရပေမဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့စတုတ္ထနေ့မှာ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာကိုလည်း စောင့်ပြီးနားထောင်မိပါတယ်။ အပ်ကြောင်းထပ်နေပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်နဲ့တရားစီရင်ရေးလောကရဲ့ အကြောင်းတွေကိုတော့ ဒီဆောင်းပါးမှာ မပြောတော့ပါဘူး။

ဥပဒေအရာမှာ မျှတမှုနဲ့ တန်းတူညီမျှမှု အခွင့်အရေးများရရှိစေရန်၊ ပြစ်မှုဆိုင်ရာ ဥပဒေများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှုကို ရရှိစေခြင်းဖြင့် တရားဥပဒေစိုးမိုးမှုနှင့်တရားဥပဒေအပေါ် ပိုမိုယုံကြည်မှုရရှိလာစေရန် အပါအဝင် ကောင်းမွန်သောရည်ရွယ်ချက်တွေနဲ့ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဥပဒေပါ ရည်ရွယ်ချက်များနဲ့ အခြေခံမူများကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် မြို့နယ်အဆင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဖွဲ့စည်းခြင်းများအပါအဝင် လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ စတာတွေအပြင် ဥပဒေဆိုင်ရာအကူအညီပေးရေး လုပ်ငန်းဆောင်ရွက်လိုသူများက ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုပါလျှင် အသိအမှတ်ပြုအဖွဲ့အစည်းအဖြစ် လျှောက်ထားနိုင်တဲ့အထိ ဥပဒေထဲမှာပါရှိပါတယ်။

ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ဖွဲ့စည်းရပြီး ဥက္ကဌအဖြစ် ထင်ပေါ်ကျော်ကြားသော ဂုဏ်သတင်းရှိတဲ့ ဥပဒေပညာရှင်တစ်ယောက်ကို ခန့်အပ်တာဝန်ပေးဖို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ တရားလွှတ်တော်ရှေ့နေများကောင်စီမှ တင်သွင်းတဲ့ ရှေ့နေလေးဦးအနက်မှ တစ်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူရပြီး အဖွဲ့ကို စုစုပေါင်း ၁၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကနေပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်အတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို ပြည်ထောင်စု၏နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းမှာ ထည့်သွင်းဖော်ပြနိုင်ဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်ပြရမှာဖြစ်ပြီး ပြည်ပမှပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းများရဲ့ လှူဒါန်းငွေများ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်ပါတယ်။ ကျန်ရှိတဲ့ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်အနေနဲ့လည်း ပြည်တွင်းမှ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်းများ၏ လှူဒါန်းငွေများ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်ပါတယ်။ ဘဏ္ဍာငွေများကိုသုံးစွဲရာမှာတော့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရပြီး စာရင်းဇယားမှတ်တမ်းတွေကို အများပြည်သူသိရှိစေရန် ဆောင်ရွက်ရမှာဖြစ်ပြီး စာရင်းစစ်ရုံး၏ စစ်ဆေးမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်အတွက် လိုအပ်တဲ့ ဝန်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲတင်ပြပြီး ပြည်ထောင်စုတရားသူကြီးချုပ်ကတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီမှု ဆောင်ရွက်နိုင်ပါတယ်။ ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်၏ သက်တမ်းက ငါးနှစ်ဖြစ်ပြီး ရာထူးအလျှောက်တာဝန်ယူထားတဲ့ နိုင်ငံဝန်ထမ်းကလွဲပြီး ဥက္ကဌအပါအဝင် ကျန်အဖွဲ့ဝင်တွေကတော့ တစ်ဆက်တည်း သက်တမ်းနှစ်ကြိမ်ထက်ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မရှိပါဘူး။

ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ အခြေခံမူတွေကို ဥပဒေမှာထည့်သွင်းရေးဆွဲထားတဲ့ ဥပဒေအရပေါ်ထွက်လာခဲ့တဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့ရဲ့ ခြောက်လပတ်အစီရင်ခံစာအရ ရုံးဝန်ထမ်းအင်အားမရှိသေးခြင်း၊ ရုံးခန်းနေရာမှာလည်း များမကြာခင်ကမှ ရရှိခဲ့ခြင်းစသည့်အချက်များကို တွေ့ရသည်။ ဒီလိုအခြေအနေမျိုးကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေအရဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာလည်း ကြုံတွေ့ခဲ့ရကြောင်း ကော်မရှင်အစီရင်ခံစာအရ တွေ့ရပါတယ်။ ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အတွက်လည်း ထည့်သွင်းတောင်းခံထားတာ တွေ့ရပါတယ်။ ယင်းစာရင်းအရဆိုလျှင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ၏ ဘဏ္ဍာငွေ အသုံးစရိတ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တောင်းခံသည့် စုစုပေါင်းဘဏ္ဍာငွေ၏ ၃၅ . ၄၂ ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း တွေ့ရပါတယ်။

သေဒဏ်ထိုက်သင့်သောပြစ်မှုကျူးလွန်သူအား ဥပဒေဆိုင်ရာအကာအကွယ် ရရှိစေရန် ရှေ့နေမရှိဘဲ တရားရုံးတင်စစ်ဆေးခြင်းမပြုရဆိုသောမူကို ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်ကူပေးရေးအဖွဲ့၏ ဥပဒေဆိုင်ရာအခြေခံမူတစ်ခုအဖြစ် အစီရင်ခံစာဖတ်ကြားရာတွင် အဖွဲ့၏ ဥက္ကဌ ဦးဉာဏ်ဝင်းက တင်ပြခဲ့ပါတယ်။ အလားတူ ဥပဒေပုဒ်မတစ်ခုကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ဥပဒေပုဒ်မ ၃၆၊ပုဒ်မခွဲ (ဌ) မှာ ‘သေဒဏ်ထိုက်သင့်သော ပြစ်မှုဆိုင်ရာအမှုကို ကျူးလွန်ကြောင်းစွပ်စွဲခံရသော ဆင်းရဲနွမ်းပါးသည့်တရားခံအတွက် တရားရုံးတွင်လိုက်ပါဆောင်ရွက်ရန် ရှေ့နေငှားရမ်းပေးခြင်း’ ဆိုပြီး ပြဌာန်းထားတာလည်း တွေ့ရပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာလည်း ဥပဒေအရ ခုခံချေပခွင့်နဲ့ အယူခံပိုင်ခွင့်ရရှိရေးကိုလည်း တရားစီရင်ရေးဆိုင်ရာမူတစ်ရပ်အနေနဲ့ ပါရှိပြန်ပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေရဲ့ အထွေထွေပြဌာန်းချက်များတွေမှာလည်း ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေဟာ ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံရသူတွေနဲ့ ပတ်သက်ပြီးဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ခံစားနိုင်ရေး၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးတို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်လို့ ပါရှိပါတယ်။

နိုင်ငံတစ်ခုကို တည်ဆောက်ရာမှာ ပိုမိုကောင်းမွန်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အစိုးရတွေကမူဝါဒများချမှတ်ကာ အဖွဲ့အစည်း (Institution)များ တည်ထောင်ပြီး ဆောင်ရွက်ကြရပါတယ်။ ဒီလိုလုပ်ဆောင်ကြတဲ့အခါမှာလည်း နိုင်ငံတော်ရဲ့ဝင်ငွေဖြစ်တဲ့အခွန်အခတွေကိုသုံးပြီး ဆောင်ရွက်ကြရတာဖြစ်တဲ့အတွက် ချမှတ်တဲ့မူဝါဒတွေ ကောင်းမွန်ဖို့ ထိရောက်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း အခွန်ထမ်းရတဲ့နိုင်ငံသားတွေအနေက ကြည်ကြည်ဖြူဖြူ လိုလိုချင်ချင် အခွန်ထမ်းတဲ့တာဝန်ကို ယူချင်ကြမှာဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်ရဲ့လိုအပ်ချက်ကို အထိန်းအကျောင်းပြုနိုင်ဖို့၊ နိုင်ငံသားတွေ ဥပဒေရဲ့အကာအကွယ်ကို မျှတမှုနဲ့တန်းတူညီမျှစွာရရှိနိုင်ဖို့ ရည်ရွယ်ရေးဆွဲပြဌာန်း ခဲ့တဲ့ ဥပဒေဆိုင်ရာအထောက် အကူပေးရေးဥပဒေနဲ့ ဥပဒေအရဖွဲ့စည်းရတဲ့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်ရဲ့ ဘဏ္ဍာငွေအသုံးစရိတ်ဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စုစုပေါင်းတောင်းခံတဲ့ ဘဏ္ဍာငွေပမာဏရဲ့ သုံးပုံတစ်ပုံကျော်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ထိန်းကျောင်းနိုင်ဖို့နဲ့ ပြစ်မှုဆိုင်ရာဥပဒေအရ တရားရင်ဆိုင်ရမယ့် နိုင်ငံသားတွေအတွက် ဥပဒေအကျိုးဆောင်လိုက်ပါ ဆောင်ရွက်နိုင်စေဖို့ အဆင့်ဆင့်သောဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တွေ လိုအပ်သလားဆိုတာကလည်း စဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေမှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာပဲ ဖြစ်ဖြစ် ပြစ်မှုဆိုင်ရာအမှုများတွင် ဥပဒေအကျိုးဆောင်ငှားရမ်းဆောင်ရွက်နိုင်ခြင်း မရှိသော နိုင်ငံသားများကို နိုင်ငံတော်မှ ဥပဒေအကျိုးဆောင်ရရှိစေရန် ဆောင်ရွက်ပေးရမည်ဆိုတဲ့ ပြဌာန်းချက်မျိုးရဲ့ ဖြစ်နိုင်ချေကိုလည်း စဉ်းစားဖို့ လိုပါတယ်။ ဒီလိုဆိုရင်တော့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်အတွက် အသုံးပြုရမည့် ဘဏ္ဍာငွေတွေ့ကို တရားရေးမဏ္ဍိုင် ပြန်လည်ခိုင်မာစေရန်အတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံသာတွေရဲ့ အခြေခံအခွင့်အရေးနဲ့လူ့အခွင့်အရေး ဆိုင်ရာများအတွက် ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော် မရှင်အတွက်ပဲဖြစ်ဖြစ် အသုံးပြုကောင်း ပြုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ အကျိုးအလို့ငှာ နိုင်ငံတော်ကမူဝါဒတွေ ချမှတ်ဆောင်ရွက်တဲ့အခါမှာ တစ်ခုနဲ့တစ်ခုထပ်ပြီး ဘဏ္ဍာငွေကို မလိုအပ်ဘဲ ပိုမိုသုံးစွဲမိခြင်း မဖြစ်စေရန်လည်း ဂရုစိုက်ရမည်ဖြစ်ပါတယ်။ ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်မှာသာလျှင် နိုင်ငံသားတွေအနေဖြင့် ဥပဒေအရာ၌ မျှတမှုနှင့်တန်းတူညီမျှမှု ရရှိနိုင်မယ်ဟု ယူဆ၍ ဖွဲ့စည်းဆောင်ရွက်ပါကလည်း ထိုအဖွဲ့အစည်းသည် ပြည်ထောင်စုတရား လွှတ်တော်ချုပ် မှတစ်ဆင့် ဘဏ္ဍာငွေတောင်းခံဆောင်ရွက်ရသောအဖွဲ့ဖြစ်ခြင်းနှင့် ပြည်ထောင်စုအဆင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တွင် ဝန်ထမ်းစုဖွဲ့မှုအားဖြင့် ညွှန်ကြားရေးမှူးချုပ်အဆင့်သာအမြင့်ဆုံးပါရှိပြီး နိုင်ငံဝန်ထမ်းမဟုတ်သော ဥက္ကဌနဲံ အခြားအဖွဲ့ဝင်များရဲ့ အဆင့်အတန်းကို ထည့်သွင်းပြဌာန်းထားမှုမရှိတာကိုလည်း တွေ့ရသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အခါအားလျော်စွာ အစီရင်ခံစာတင်သွင်းရခြင်းနှင့် ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့သို့ ခြောက်လတစ်ကြိမ်အစီရင်ခံစာတင်သွင်းရခြင်းတို့ကို တွေ့ရပေမယ့် ဘယ်သူ့ကို တာဝန်ခံရမယ်ဆိုတာ မပါတာ တွေ့ရပါတယ်။ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဟာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကဲ့သို့ လွတ်လပ်သောအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးအဆင့်ရှိ အကြီးအကဲများနဲ့ ပြင်ပမှဥပဒေပညာရှင်များပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် တာဝန်ခံမှုကလည်း မရှင်းလင်းပါဘူး။

တရားရေးစီရင်ရေးစနစ်ရဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင် လက်ရှိ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့နဲ့ဆက်လက်ဖွဲ့စည်းမယ့် ဥပဒေအထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းပမာဏကို ပြန်ပြီး သုံးသပ်ကြည့်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။