အာနန္ဒာ

ဂုဏ်သိက္ခာနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအတွက် အရေးပါသော လူ့အခွင့်အရေးကော်မရှင်၏ အခန်းကဏ္ဍ

ကော်မရှင်ဥပဒေဖြင့် ပုံဖော်ထားသည့် ကော်မရှင်၏ အခန်းကဏ္ဍ

By လှမျိုးကျော် on June 5, 2018

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်များအခန်းတွင် “နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်” ဟုပါရှိရာ လူ့အခွင့်အရေးကိစ္စရပ်များ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၄ ခုနှစ်၊ မတ်လတွင်မှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဖွဲ့ဝင် ၁၁ ဦးပါသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကော်မရှင်သည် နှစ်ပတ်လည်အစီရင်ခံစာ သုံးစောင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် သမ္မတဦးထင်ကျော်၏နေရာသို့ အစားထိုးဝင်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် နှစ်နှစ်ခန့် တာဝန်ယူခဲ့ဖူးသူဖြစ်သည့် ဦးဝင်းမြင့်သည် သမ္မတရာထူးလက်ခံပြီးနောက် ဆုံတွေ့ခဲ့သည့် အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်လည်း ပါဝင်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် သုံးဦးကို ၂၀၁၈ ဧပြီ ၂၅ ရက်နေ့တွင် ထပ်မံဖြည့်စွက်ခန့်ထားခဲ့သည်။

နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအား ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ ဥပဒေများကို ပြဌာန်းရာနှင့် အကောင်အထည်ဖော်ရာတွင် နိုင်ငံသားများ၏ ပါဝင်မှုဖြင့် ပိုမိုကောင်းမွန်သော ဥပဒေမူဘောင်များ ချမှတ်နိုင်ပြီး လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိသည့် လူ့အဖွဲ့အစည်းပေါ်ထွန်းလာစေရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ကော်မရှင်၏ လက်ရှိ အခြေအနေနှင့် ဥပဒေမူဘောင်များကို လေ့လာတင်ပြသွားပါမည်။​

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း

သမ္မတသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရန် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတရားလွှတ်တော်များကောင်စီမှ ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ် နှစ်ဦး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် တစ်ဦး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ် နှစ်ဦး ပါဝင်သော ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဦးစွာပထမ ဖွဲ့စည်းရသည်။ စိစစ်ရွေးချယ်ရေးအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင်လောင်းများ ရွေးချယ်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ၍ ယင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ထားသော ကော်မရှင်အဖွဲ့ဝင်လောင်း ၃၀ ဦး၏ အမည်စာရင်းကို သမ္မတထံ တင်ပြရသည်။ သမ္မတသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ အဖွဲ့ဝင်လောင်းများမှ သင့်လျော်သော ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်ပြီး အဖွဲ့ဝင်ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၅ ဦးပါ၀င်သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းရသည်။

ကော်မရှင်အဖွဲ့ဝင်များသည် ရွေးချယ်ခန့်အပ်ခြင်းခံရသည့်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်သော်လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်တစ်ဦး၏ လုပ်ငန်းတာဝန်များကို ထိခိုက်စေနိုင်သည့် ပြည်တွင်း၊ ပြည်ပဌာန၊ အဖွဲ့အစည်းနှင့် လုပ်ငန်းများတွင်လုပ်ကိုင်သူဖြစ်လျှင်သော်လည်းကောင်း သက်ဆိုင်ရာ လုပ်ငန်းများမှ အငြိမ်းစားယူ နှုတ်ထွက်ရသည်။ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်ပြီး တစ်ဆက်တည်း ရာထူးသက်တမ်းနှစ်ခုထက် ပိုမို တာဝန်ထမ်းဆောင်ခွင့် မရှိပေ။ ကော်မရှင်ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးအဆင့်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များသည် ဒုတိယဝန်ကြီးအဆင့်ဖြစ်၍ ကော်မရှင်သည် သမ္မတကဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဖြစ်သည်။

ကော်မရှင်၏ လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှု

ကော်မရှင်အဖွဲ့၀င်များကို ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးသည့်တိုင် နိုင်ငံတော်သမ္မတသည် လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ကော်မရှင်ကို ဖွဲ့စည်းရကြောင်းတွေ့ရသည်။ ထို့အပြင် ထိုရွေးချယ်မှုကို လွှတ်တော်မှ အတည်ပြုပေးရန်မလိုအပ်သည့်အချက်က ကော်မရှင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဖွဲ့စည်းသည့် ကော်မရှင်သဖွယ် ဖြစ်နေစေသည်။

ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ရွေးချယ်ရေးအဖွဲ့မှ ၃၀ယောက်ကို ပဏမ ရွေးချယ်၍ ၎င်းတို့ထဲမှ အဖွဲ့ဝင်များကို သမ္မတက ပြန်လည်ရွေးချယ်ရသည်။ ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်ကြသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများ၊လွှတ်တော်နှင့်အရပ်ဘက်အဖွဲ့အစည်းများသည် အဖွဲ့ဝင်လောင်းရွေးချယ်ရာတွင် မည်သူက မည်မျှတင်သွင်းရမည်ဟု ဥပဒေတွင် မပါရှိပေ။ယင်းအပြင် အဖွဲ့ဝင်လောင်း ၃၀ ဦးအနက်မှ အများဆုံး ၁၅ဦးသာ သမ္မတမှ ရွေးချယ်ခြင်းဖြစ်သည်။သို့အတွက်ကြောင့် ကော်မရှင်အဖွဲ့ဝင်များမှာ အစိုးရအဖွဲ့နှင့်သမ္မတ၏ စိတ်ကြိုက်ဖြစ်ရန်အလားအလာ အားကောင်းနေသည်။ လွှတ်တော်အစုအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှတင်သွင်းသော အဖွဲ့ဝင်လောင်းများမှာ ကော်မရှင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရနိုင်ချေမရှိပေ။ယင်းအပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ကိုယ်စားပြုမှုမှာလည်း မေးခွန်းထုတ်စရာဖြစ်နေပါသည်။ယခင်ခေတ်အဆက်ဆက်မှ အုပ်ချုပ်ရေးဆိုင်ရာတို့နှင့်နီးစပ်မှုရှိသောအဝန်းအဝိုင်းမှပုဂ္ဂိုလ်များသာပါဝင်လေ့ရှိသော အမျိုးသမီးရေးရာအဖွဲ့ကိုထည့်သွင်းထားခြင်းနှင့်မှတ်ပုံတင်ပြီးသောအရပ်ဘက်အဖွဲ့အစည်းများဆိုသော ကိုယ်စားပြုမှုမှာလည်း ပြန်လည်သုံးသပ်သင့်ပါသည်။ ၎င်းအချက်ကို လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်သီးခြားအခွင့်အရေး (ဥပမာ-ကလေးသူငယ်အခွင့်အရေး၊အမျိုးသမီးအခွင့်အရေး)ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများမှ မှတ်ပုံတင်ထားခြင်းရှိသောအဖွဲ့များနှင့်မှတ်ပုံတင်ထားခြင်းမရှိသော်လည်း ယင်းကိစ္စရပ်များကို ဆောင်ရွက်နေသောအဖွဲ့များကို ကော်မရှင်အဖွဲ့ဝင်ရွေးချယ်ရေးတွင် ထည့်သွင်းသင့်ပါသည်။ ထို့အပြင် ရွေးချယ်ရေးအဖွဲ့မှရွေးချယ်ပေးလိုက်သောပုဂ္ဂိုလ်များအား သမ္မတမှ ပြန်လည်ရွေးချယ်ရာတွင်လည်း အစိုးရအဖွဲ့၊ လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့၏ ကိုယ်စားပြုမှုကို ရရှိစေရန်အတွက် အဖွဲ့ဝင်လောင်းရွေးချယ်ရာတွင် အဖွဲ့ဝင်များကို အချိုးကျရွေးချယ်ရမည်ဟု ဥပဒေထဲတွင်ထည့်သွင်းရေးဆွဲသင့်ပါသည်။

ကော်မရှင်ရွေးချယ်ရေးအဖွဲ့တွင် မဏ္ဍိုင်သုံးရပ်မှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်စေရန် ထည့်သွင်းရေးဆွဲထားသည့်တိုင် အဆုံးသတ်ရွေးချယ်မှုကို သမ္မတမှ လွှတ်တော်ဥက္ကဌနှစ်ဦးဖြင့် ညှိနှိုင်း၍ ပြုလုပ်ခြင်း ဖြစ်သဖြင့် ကော်မရှင်၏ နိုင်ငံရေးအရ လွတ်လပ်မှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပါဝင်မှုမှာလည်း မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဟု ပါရှိသဖြင့် အကန့်အသတ်ဖြင့် ရှိနေသည်ကို တွေ့ရသည်။ မဏ္ဍိုင်အသီးသီးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဓိပ္ပာယ်ရှိရှိ ပါဝင်မှုရှိသည့် လွတ်လပ်သော ကော်မရှင်ဖြစ်ရန် လိုအပ်ပါသည်။

လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကိစ္စရပ်များကိုဆောင်ရွက်ရန်အတွက် ကော်မရှင်သည် နိုင်ငံရေးအရသော်လည်းကောင်း၊ဘဏ္ဍာရေးအရသော်လည်းကောင်း လွတ်လပ်၍အမှီအခိုကင်းမဲ့ရန် လိုအပ်ပါသည်။နိုင်ငံရေးအရ လွတ်လပ်၍အမှီအခိုကင်းစေရန်အတွက် ကော်မရှင်ဖွဲ့စည်းခြင်းဆိုင်ရာအား လေးလေးနက်နက်ပြန်လည်သုံးသပ်ပြီး ဥပဒေကိုပြင်ဆင်သင့်ပါသည်။သို့မှသာကော်မရှင်ဥပဒေပါရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည်ဖြစ်ပါသည်။

ဘဏ္ဍာရေးအရ လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှု

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် လိုအပ်သော ငွေကြေးကို နိုင်ငံတော်မှ ထောက်ပံ့ရမည်။ ကော်မရှင်၏ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို ထိခိုက်ခြင်း မရှိပါက မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံမှမဆို အထောက်အပံ့များကို ကော်မရှင်သည် လက်ခံနိုင်သည်။ လက်ရှိဥပဒေအရ ကော်မရှင်သည် အစိုးရအဖွဲ့ထံမှတဆင့် ဘဏ္ဍာငွေ တောင်းခံရသည်။ ကော်မရှင်၏ လွတ်လပ်၍အမှိအခိုကင်းနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာအရအသုံးကို ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ တဆင့်တောင်းခံမည့်အစား လွှတ်တော်သို့ တိုက်ရိုက်တောင်းခံသင့်ပါသည်။

ကော်မရှင်၏ ကင်းလွတ်ခွင့်များ

ကော်မရှင်သို့ တင်ပြလာသည့် သို့မဟုတ် ကော်မရှင်မှ စုဆောင်းရယူထားသည့် စာရွက်စာတမ်းများ၊ သတင်းအချက်အလက်များသည် စိစစ်ဖြတ်တောက်ခြင်းနှင့် စွက်ဖက်နှောင့်ယှက်ခြင်းတို့မှ ကင်းလွတ်ခွင့် ရှိသည်။ ကော်မရှင်၏ ပရဝဏ်၊ မော်ကွန်းတိုက် စာတွဲများ၊ စာရွက်စာတမ်းများ၊ ဆက်သွယ်ဆောင်ရွက်ချက်များ၊ ပစ္စည်းကိရိယာများ ရန်ပုံငွေနှင့် ပစ္စည်း ပိုင်ဆိုင်မှုများသည် မည်သည့်နေရာ၊ မည်သူ့လက်ဝယ်တွင် ရှိသည်ဖြစ်စေ ထိပါးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ ရယူခြင်းနှင့် အခြားနည်းဖြင့် နှောင့်ယှက်ခြင်းတို့မှ ကင်းလွတ်ခွင့်ရှိသည်။ ကော်မရှင်သည် ဆောင်ရွက်လျှက်ရှိသော စုံစမ်းစစ်ဆေးမှုများ အဆင်ပြေချောမွေ့စေရန် ဖော်ထုတ်ပြောကြားသင့်သောအချက်အလက်များကို ထုတ်ဖော်ပြောကြားနိုင်သည်။ ကော်မရှင်သည် ရရှိထားသောသတင်းအချက်အလက်များအား ရည်မှန်းချက်များအကောင်အထည်ဖော်ရန်မှတပါး အခြားနည်းဖြင့် အသုံးမပြုနိုင်ပေ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ရန်မှအပ အခြားသော ကိစ္စရပ်များအတွက် အသုံးမပြုနိုင်စေရန်အတွက် ကန့်သတ်ထားခြင်းခြစ်သည်။

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ကော်မရှင်သည် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေခြင်း၊ ဖောက်ဖျက်မှုသည် စနစ်တစ်ရပ်အဖြစ်ဦးတည်နေခြင်း စသည်တို့ကိုသိရှိပါက စုံစမ်းစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ ထို့အပြင် ကော်မရှင်သည် လူ့အခွင့်အရေးဖောက်ဖျက်မှုဆိုင်ရာ တိုင်တန်းချက်များအပေါ် စုံစမ်းစစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သည်။ ကော်မရှင်သည် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်သည်။ ကော်မရှင်သည် သတင်းအချက်အလက်ပေးနိုင်သည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို လာရောက်သက်သေခံရန်အတွက် ဆင့်ခေါ်ခြင်း၊ သက်သေခံထွက်ဆိုချက်ရယူခြင်း ပြုလုပ်နိုင်သည်။ လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသော စာရွက်စာတမ်းများမှအပ စုံစမ်းစစ်ဆေးသောကိစ္စရပ်များနှင့် ပတ်သက်မည်ဟု ယူဆသည့် စာရွက်စာတမ်းနှင့် အထောက်အထားများတင်ပြရန် မည်သူ့ကိုမဆို၊ မည်သည့်ရုံးကိုမဆို တောင်းဆိုနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့် လုပ်ငန်းလိုအပ်ချက်အလိုက် ရုံးခွဲ၊ အဖွဲ့ခွဲများကို ဒေသအလိုက် ဘာသာရပ်အလိုက် ဖွဲ့စည်းနိုင်သည်။ ကော်မရှင်အနေဖြင့် မိမိရှေ့မှောက်၌ လာရောက်အစစ်ဆေးခံသူ၏ အမည်၊ သတင်းအချက်အလက်၊ သက်သေထွက်ဆိုချက်များ၊ သက်သေခံ စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့်စပ်လျဉ်း၍ တစ်ဦးတစ်ယောက်က ကော်မရှင်၏ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း မပြုစေရန်နှင့် သက်သေများကိုအကာအကွယ်ပေးမည့်အစီအမံများကို ဆောင်ရွက်ပေးပိုင်ခွင့်ရှိသည်။ ကော်မရှင်သို့ထွက်ဆိုသော သက်သေထွက်ဆိုမှုများသည် မမှန်သက်သေခံမှုဖြင့် တရားစွဲဆိုခံရခြင်းမှအပ အခြားနည်းလမ်းများဖြင့် တရားစွဲဆိုခြင်း မခံရနိုင်ပါ။

တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု

ကော်မရှင်ဥက္ကဋ္ဌသည် နှုတ်ထွက်လိုလျှင် နိုင်ငံတော်သမ္မတထံစာတင်ရပြီး အဖွဲ့ဝင်များနုတ်ထွက်လိုလျှင် ဥက္ကဋ္ဌမှတစ်ဆင့် သမ္မတထံ စာတင်၍ နှုတ်ထွက်ရသည်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား တာဝန်မှ ရပ်စဲလိုလျှင် သမ္မတသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရပ်စဲနိုင်သည်။

ကော်မရှင်သည် ၎င်း၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အစီရင်ခံစာများကိုပြုစုပြီး ထုတ်ပြန်ရမည်ဖြစ်သည်။ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်တို့ထံ တင်ပြရမည်ဖြစ်။ လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အထူးအစီရင်ခံစာများကိုလည်း နိုင်ငံတော်သမ္မတထံ တင်ပြနိုင်သည်။ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးသည် မိမိ၏ဆောင်ရွက်ချက်များမှာ ကော်မရှင်၏အကျိုးနှင့် ဆန့်ကျင်ကြောင်း သိရှိပါက ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ချက်ချင်း အကြောင်းကြား၍ အမြန် ပြုပြင်ဆောင်ရွက်ရမည်။ ကော်မရှင်သည် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြီးဆုံးလျှင် မိမိ၏ စုံစမ်းတွေ့ရှိချက်များနှင့်အကြံပြုချက်များကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံပြီး အများပြည်သူသိရှိစေရန် ထုတ်ပြန်နိုင်သည်။

တိုင်ကြားခြင်းနှင့် ပြန်ကြားခြင်း


မည်သူမဆို မိမိကိုယ်တိုင်အတွက် ဖြစ်စေ၊ အခြားတစ်ဦးတစ်ယောက်အတွက် ဖြစ်စေ၊ လူတစ်စုကို ကိုယ်စားပြု၍ ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကော်မရှင်ထံ တိုင်ကြားနိုင်သည်။ တိုင်တန်းသူသည် တိုင်တန်းချက်ကို ပြန်လည်ရုပ်သိမ်းခြင်း ပြင်ဆင်ခြင်းတို့အတွက် ကော်မရှင်သို့ စာဖြင့် တင်ပြရသည်။ ကော်မရှင်သည် သဘောရိုးဖြင့် တိုင်ကြားချက်မဟုတ်ခြင်း၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်အတွင်းကျရောက်မှုမရှိခြင်းစသည့် ကိစ္စရပ်များမှအပ စုံစမ်းစစ်ဆေးရသည်။ ယင်းအပြင်ကော်မရှင်သည် တရားရုံးတစ်ခုခု၌ စစ်ဆေးကြားနာဆဲအမှု၊ အယူခံမှု၊ ပြင်ဆင်မှုနှင့် အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများကို စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ပေ။ တရားရုံးတစ်ရုံးရုံးမှ ကိုင်တွယ်ဆောင်ရွက်ဆဲ သို့မဟုတ် ကိုင်တွယ်ဆောင်ရွက်ပြီးသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကော်မရှင်မှ ဝင်ရောက် ဆောင်ရွက်မှုမပြုခြင်းဖြစ်သည်။

ကော်မရှင်သည် အစိုးရဌာန၊ အစိုးရ၊ အစိုးရအဖွဲ့အစည်းများနှင့် ဖြစ်စေ၊ ယင်းတို့နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများအားတိုင်တန်းချက်အပေါ် စုံစမ်းတွေ့ရှိချက်ကို အကြံပြုတိုက်တွန်းချက်များနှင့်အတူ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ရမည်။ ကော်မရှင်၏အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မိမိတို့၏ ဆောင်ရွက်ထားရှိမှုအခြေအနေကို ယင်းဌာန အဖွဲ့အစည်းများသည် ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်သို့ ပြန်ကြားရမည်ဖြစ်သည်။ ယင်းသို့ ပြန်ကြားရာတွင် တိုင်တန်းသူအား လက်တုံ့ပြန်မှုမခံရစေရေး ဆောင်ရွက်ထားချက်ကို တပါတည်းဖော်ပြရမည်။

ကော်မရှင်၏လုပ်ကိုင်နိုင်စွမ်းနယ်ပယ်နှင့် ဌာနဆိုင်ရာများ၏ပြန်ကြားမှုကိုဆန်းစစ်ခြင်း

ကော်မရှင်သည် လုပ်ပိုင်ခွင့်အတွင်းမကျရောက်သောကိစ္စရပ်များနှင့် တရားရုံးများ၏ စစ်ဆေးကြားနာဆဲအမှု၊ အယူခံမှု၊ ပြင်ဆင်မှုနှင့် အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများကို စုံစမ်းစစ်ဆေးခြင်းမပြုနိုင်ကြောင်းပြဌာန်းထားရာ တရားစီရင်ရေးစနစ်အပေါ် ကော်မရှင်၏ လွှမ်းမိုးမှု မဖြစ်ပေါ်စေရေးအတွက် စုံစမ်းစစ်ဆေးခြင်းမပြုလုပ်စေရန် ရည်ရွယ်ထားသည်ဟုယူဆရပါသည်။ သို့သော် လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားစီရင်ရေးမဏ္ဍိုင်တစ်ခုတည်းမှ ပြန်လည်ကုစားနိုင်ခြင်းရှိမရှိဟူသည့်အချက်မှာ စဉ်းစားစရာဖြစ်သည်။

ယင်းအပြင် ကော်မရှင်၏ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားများ၏မူလအခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန် ဟူသောရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်၏ ပါဝင်နိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပေသည်။ တရားစီရင်ရေး၏ နောက်ဆုံးအဆင့်ဖြစ်သော စာချွန်တော်အမိန့် လျှောက်ထားခြင်းနည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် အခွင့်အရေးတစ်ရပ်ဖြစ်သည့်တိုင် စစ်မက်ဖြစ်ပွားချိန်၊ တိုင်းတပါးမှကျူးကျော်ဝင်ရောက်ချိန်၊ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်တို့တွင် စာချွန်တော်အမိန့်ထုတ်ဆင့်ခွင့်ကို ရပ်ဆိုင်းထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည်။ အများအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ယင်းအချိန်ကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်ဖြစ်ရာ တရားစီရင်ရေး နည်းလမ်းသက်သက်ဖြင့် လုံလောက်မှုမရှိနိုင်သည်ကို ဖော်ပြနေသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်တစ်ရပ်အသွင်သို့ ဦးတည်နေခြင်း၊ အခွင့်အရေး ချိုးဖောက်မှုများသည် ကျယ်ပြန့်စွာဖြစ်ပွားနေခြင်းတို့အတွက်လည်း ကော်မရှင်၏ လုပ်ကိုင်နိုင်စွမ်းကို ဆန်းစစ်ရန်လိုအပ်နေပေသည်။ ကော်မရှင်အနေဖြင့် တရားစီရင်ရေးအဖွဲ့အစည်းများကို လွှမ်းမိုးမှုမရှိစေရေးတို့အတွက် ကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားရှိရမည်မှာ ဖြစ်သင့်သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခြင်းခံရသူများ၏ နစ်နာချက်များကို ထိရောက်စွာ ကုစားဖြေရှင်းနိုင်ရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သက်ဆိုင်သောကိစ္စရပ်များ၌ တရားစီရင်ရေးနည်းလမ်းများတွင် ကော်မရှင်၏ လွတ်လွတ်လပ်လပ် ပါဝင်နိုင်မည့် အခြေအနေကို ထည့်သွင်းစဉ်းစားရန် လွန်စွာအရေးကြီးပါသည်။ တရားစီရင်ရေးစနစ်တွင် ကော်မရှင်က ဝင်ရောက်ပါဝင်လွှမ်းမိုးမှုမရှိစေရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများနစ်နာဆုံးရှုံးမှု မရှိစေရေးတို့ကို ချိန်ညှိနိုင်ရန် လိုအပ်မည်ဟု ယူဆပါသည်။

တိုင်တန်းချက်များကိုစုံစမ်းစစ်ဆေး၍ အကြံပြုချက်များနှင့်တိုက်တွန်းချက်များကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ ကော်မရှင်မှအကြောင်းကြားပေးပို့လျှင် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများသည် ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ထားချက်များကို ပြန်ကြားရမည်ဟုကော်မရှင်ဥပဒေတွင်ပါရှိသော်လည်း ကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာများအရ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ကြားသောဌာနများမှာ ရာခိုင်နှုန်းအားဖြင့်မူ နည်းပါးကြောင်းတွေ့ရသည်။ ၂၀၁၆ ခုနှစ်အတွင်း ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားသည့် ဌာနအရေအတွက်မှာ တိုင်ကြားမှုစုစုပေါင်း၏ ၅.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်ကို တွေ့ရသည်။ နှစ်အလိုက် ကော်မရှင်၏ အကြံပြုချက်၊ တိုက်တွန်းချက်များ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ဌာနဆိုင်ရာမှ ပြန်ကြားမှု မရှိသည်ကို တွေ့ရသည်။ ယင်းအခြေအနေကိုကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသည် ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်မှုအားနည်းနေကြောင်း တွေ့ရသည်။ အခွင့်အရေးချိုးဖောက်ခံရ၍ ဆုံးရှုံးနစ်နာမှုများကို ကုစားနိုင်ရေး၊ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ မဖြစ်မနေလိုအပ်ပါသည်။

အုပ်ချုပ်ရေးကဏ္ဍနှင့်ဆိုင်သောဌာနဆိုင်ရာများ၏ ကော်မရှင်အကြောင်းကြားစာများနှင့် ပတ်သက်လာလျှင် သမ္မတမှအပြည့်အဝတာဝန်ခံရန်လိုအပ်ပေသည်။ သမ္မတနှင့်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ခံမှု မြင့်မားလာစေရန်အတွက်လည်း ကော်မရှင်၏အစီရင်ခံစာများကို သမ္မတနှင့်လွှတ်တော်သို့ တင်ပြအစီရင်ခံသည်နှင့်တပြိုင်တည်း အများပြည်သူသိရှိစေရန်လည်း ထုတ်ပြန်သင့်ပေသည်။

ဂုဏ်သိက္ခာပြည့်ဝသောလူ့အဖွဲ့အစည်းဆီသို့

နိုင်ငံသားများ၏အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်၍ လူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန်အတွက်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် များစွာအရေးပါပေသည်။ကော်မရှင်၏လုပ်ငန်းဆောင်တာများကို အပြည့်အဝနှင့်ထိထိရောက်ရောက်ဆောင်ရွက်စေနိုင်ရန် ကော်မရှင်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။ ကော်မရှင်ဥပဒေတွင်ပါသော ကော်မရှင်ဖွဲ့စည်းခြင်းဆိုင်ရာများ၊ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ကော်မရှင်၏လုပ်ပိုင်ခွင့်များကို ပြင်ဆင်ပြောင်းလဲရန်လိုအပ်ပေသည်။ယင်းအပြင်ကော်မရှင်၏ဆောင်ရွက်ချက်များကိုလည်း အများပြည်သူသိရှိနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်သင့်ပါသည်။ယင်းသို့ကော်မရှင်၏ ဆောင်ရွက်မှုများကို သိရှိမှသာနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးကိုအလေးထားသော လူ့အဖွဲ့အစည်းဖြစ်ထွန်းလာစေရေးဆောင်ရွက်ရာတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ဤနည်းအားဖြင့် ကော်မရှင်ဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး နိုင်ငံသားများ၏မူလ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်နိုင်၍ လူ့အခွင့်အရေးကိုလေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်ပါသည်။