ပြောင်းလဲရန် တွန့်ဆုတ်ခြင်းနဲ့ ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီရဲ့ ဥပမာတစ်ခု

မအောင်မြင်ခဲ့တဲ့ ဥပဒေကြမ်းတစ်ခုနဲ့ လက်လွှတ်လိုက်ရတဲ့ အင်စတီကျူးရှင်းများ အားကောင်းရေးအတွက် အခွင့်အလမ်းတစ်ခု

By လှမျိုးကျော်၊ ထင်ကျော်အေး on June 8, 2018

မကြာသေးခင်က လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကြိုးပမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။ ကျောက်ဖြူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြည်သူ့လွှတ်တော်တွင် လက်ရှိဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းတစ်စောင် တင်သွင်းခြင်း ဖြစ်သည်။ လက်ရှိ ကျင့်သုံးနေသော ဥပဒေမှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ဥပဒေဖြစ်သည်။ တရားရုံးတစ်ခုခုက အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများနှင့် ငြိစွန်းသော တိုင်တန်းချက်ကို ကော်မရှင်က စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ဟု ကန့်သတ်ထားသည့်အချက်ကို ပယ်ဖျက်ရန် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်က မေလ ၂၃ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးဘရှိန်က တရားရုံးများမှချမှတ်လိုက်သည် ဆုံးဖြတ်များနှင့် ပတ်သက်သော ကိစ္စရပ်များကို တိုင်ကြားသည့် တိုင်ကြားစာများအား ကော်မရှင်ကလက်ခံရရှိသော်လည်း ဆောင်ရွက်၍ မရသဖြင့် နိုင်ငံသားများ၏မူလအခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ပြီး ကော်မရှင်၏ရည်ရွယ်ချက်ဖြင့်လည်းကွဲလွဲနေသဖြင့် ကော်မရှင်ဥပဒေပုဒ်မ(၃၇)၊ပုဒ်မခွဲ(ခ)အား ပယ်ဖျက်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်းကို လွှတ်တော်မှ ဆက်လက်ဆွေးနွေးသင့်မသင့် ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံနိုင်လူ့အခွင့်အရေးကော်မရှင်က ဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာတို့မှာ တတ်နိုင်သမျှပိုင်းခြားခွဲခြားထားရမည် ဖြစ်ကြောင်း၊ ယင်းအပြင်ကုလသမဂ္ဂမှ ချမှတ်ထားသော အမျိုးသား လူ့အခွင့်အရေးကော်မရှင်များဖွဲ့စည်းခြင်းနှင့်ဆိုင်သော အခြေခံမူများနှင့်ကွဲလွဲနိုင်ကြောင်း၊ ယင်းအခြေခံမူများတွင် နိုင်ငံတော်မှဥပဒေပြဌာန်း၍ ဖွဲ့စည်းသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့များသည် နိုင်ငံတော်၏ဘဏ္ဍာငွေ အထောက်အပံ့နှင့် လွတ်လပ်စွာဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ပြီး ဥပဒေအရစည်းနှောင်မှုရှိသောဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်များကို ချမှတ်နိုင်ခွင့်မရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းသို့ မိမိ၏အကြံပြုချက်နှင့်တိုက်တွန်းချက်များကိုသာ ပေးခွင့်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။​

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို ပိုင်းခြားထားရမှာဖြစ်ပြီး ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ အယူခံမှုအဆင့်ဆင့်နှင့်အထူးအယူခံမှုများကိုပေးအပ်ထားကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စာချွန်တော်အမိန့်များ ထုတ်ခွင့်ရှိကြောင်းနှင့် ယင်းပုဒ်မအားပယ်ဖျက်လိုက်ပါက အာဏာသုံးရပ်အား တတ်နိုင်သမျှ ပိုင်းခြားထားရမည်ဆိုသောအချက်နှင့် တရားရုံးများ၏ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကိုထိခိုက်နိုင်မှု ရှိမရှိကို စဉ်းစားသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ဥပဒေကြမ်းအား ဆက်လက်ဆွေးနွေးရန် သင့်ပမသင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၈ မဲ၊ ကန့်ကွက်မဲ ၃၂၈ မဲ၊ ကြားနေမဲ ၅ မဲ ဖြင့် ပြင်ဆင်ချက်အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။ ဦးဘရှိန်တင်သွင်းသည့် ဥပဒေကြမ်းအဆိုရှုံးနိမ့်ရခြင်းနှင့်ပတ်သက်၍ အချက် (၂) ချက် ဆွေးနွေးထောက်ပြလိုပါသည်။ ပထမအချက်အနေဖြင့် ကော်မရှင်ကြုံတွေ့နေရသော ပဂတိအရှိတရားနှင့်လုပ်ကိုင်နိုင်စွမ်းဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် လွှတ်တော်တွင်းဆွေးနွေးမှုအခြေအနေတို့ဖြစ်သည်။

ကော်မရှင်၏ ပဂတိအရှိတရားနှင့် လုပ်ကိုင်နိုင်စွမ်း

ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လက်ခံနိုင်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ အကြံပြုချက်များနှင့်တိုက်တွန်းချက်များကို ပေးပို့နိုင်သည်။သို့ရာတွင် ကော်မရှင်၏နှစ်ပတ်လည်အစီရင်ခံစာများအရမူ ကော်မရှင်၏အကြောင်းကြားစာများအား ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည်ဖြစ်သော်လည်း ဆောင်ရွက်ထားပြီးအခြေအနေကို ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ကြားသည့် ဌာနဆိုင်ရာအဖွဲ့အစည်းမှာ လွန်စွာနည်းပါးကြောင်းတွေ့ရရုံမက အကြောင်းပြန်ကြားမှုမရှိသော ဌာနများပင်ရှိကြောင်းတွေ့ရသည်။ထို့နောက် တရားစီရင်စဲအမှု၊ အယူခံမှု၊ ပြင်ဆင်ဆဲအမှုနှင့် တရားရုံးမှဆုံးဖြတ်ချက်ချလိုက်သောအမှုများတွင် ကော်မရှင်၏ စုံစမ်းစစ်ဆေးခြင်းကိုပင် ခွင့်ပြုထားခြင်းမရှိကြောင်း ဥပဒေ၌ပါရှိသည်။

ယင်းသို့ ဌာနဆိုင်ရာများ၏လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများအပေါ်တွင် ကော်မရှင်အနေဖြင့် အကြံပြုတိုက်တွန်းချက်များသာ ပြုလုပ်နိုင်ခြင်း၊ တရားရုံးသို့ရောက်ရှိပြီးဖြစ်သော စီရင်စဲအမှု၊ အယူခံမှု၊ ပြင်ဆင်မှုနှင့် စီရင်ဆုံးဖြတ်ပြီး အမှုများကို စုံစမ်းစစ်ဆေးခွင့်မရှိဟူသော ဥပဒေပြဌာန်းချက်များသည် ကော်မရှင်၏လုပ်ပိုင်ခွင့်များမှာ ပေးကားပေး၏မရ ဆိုသကဲ့သို့ ဖြစ်နေစေသည်။ တရားရုံးများ၏လွတ်လပ်စွာစီရင်ပိုင်ခွင့်အပေါ်တွင် ကော်မရှင်၏လွမ်းမိုးနိုင်မှုအား ကာကွယ်နိုင်ရန် ထည့်သွင်းထားခြင်းဖြစ်သော်လည်း ကော်မရှင်၏ရည်ရွယ်ချက်ဖြစ်သော် နိုင်ငံသားများ၏မူလအခွင့်အရေးများကို ကာကွယ်ရန်နှင့်လူ့အခွင့်အရေးကိုလေးစားလိုက်နာသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်ဟူသော အချက်ကိုလည်း အလေးအနက်ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။

ကော်မရှင်ဘက်မှ ဆွေးနွေးရာတွင် နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်များနှင့် ပတ်သက်သည့် ကုလသမဂ္ဂမှ ချမှတ်ထားသော မူများအရ ကော်မရှင်သည် နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုရသော လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ရမည်မှာ မှန်ပါသည်။ သို့သော် နိုင်ငံအဆင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပါရီအခြေခံမူများ ဟု အသိများသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၄၈/၁၃၄ ဖြင့်အတည်ပြုသည့် နိုင်ငံအဆင့် အဖွဲ့အစည်းများဆိုင်ရာ အခြေခံမူများတွင် လူ့အခွင့်အရေးကော်မရှင်များသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ တည်ဆဲ ဥပဒေပြဌာန်းချက်များကို ပြင်ဆင်ရန်အကြံပြုခြင်း၊ အသစ်ရေးဆွဲစေခြင်းတို့ ပြုလုပ်ရမည်ဟု ပါရှိပါသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ဝေသည့် နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းများအတွက် လက်စွဲစာအုပ်တွင် လူ့အခွင့်အရေးကော်မရှင်များသည် တရားရေးစနစ်ကို လေ့လာစောင့်ကြည်မှုနှင့် တာဝန်ခံမှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၊ မျှတသော တရားစီရင်ရေး ရရှိစေမှုတို့တွင် ပါဝင်ရသည်ဟု ဖော်ပြပါသည်။ တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီစေရန် ကော်မရှင်များက ကြိုးပမ်းရသည်ဟု ဖော်ပြပါရှိပါသည်။ နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်များသည် အကြံပြုချက်ပေးရုံသက်သက်အပြင် တရားစွဲဆိုခွင့်၊ တရားရုံးများတွင် လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်မှ အမြင်များ ထွက်ဆိုခွင့် ရှိကြပါသည်။ ထိုအချက်များသည် ရှိရင်းစွဲ တရားရေးစနစ်ကို အားနည်းစေခြင်းမဟုတ်ပဲ တရားဝင်အဖွဲ့အစည်းတစ်ရပ်အနေဖြင့် တရားရေးနည်းလမ်းကို အသုံးပြုခြင်း၊ ဘာသာရပ်နယ်ပယ် ကျွမ်းကျင်သည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဝင်ရောက်အားဖြည့် ကူညီခြင်းသာဖြစ်သည်။

လွှတ်တော်တွင်းဆွေးနွေးမှုအခြေအနေ

ပုံမှန်အားဖြင့်ဥပဒေကြမ်းများကို တင်သွင်းဆွေးနွေးရာတွင် လွှတ်တော်အစည်းအဝေးမစတင်မီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်ပေးပို့ရခြင်းဖြစ်ရာ ဦးဘရှိန်တင်သွင်းသော ဥပဒေကြမ်းသည် လွှတ်တော်သို့ ရောက်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်သည်။ ဥပဒေကြမ်းသည် လွှတ်တော်ကိုယ်စားလှယ်မှ တင်သွင်းသော ဥပဒေကြမ်းဖြစ်သဖြင့် လွှတ်တော်မှ လက်ခံမခံ မဲခွဲရသည်။​ အစိုးရမှ တင်သွင်းသော ဥပဒေကြမ်းများအတွက်မူ ထိုအဆင့်မလိုအပ်ပဲ မဖြစ်မနေ လက်ခံဆွေးနွေးကြရသည်။ မဲခွဲဆုံးဖြတ်ရာတွင် တင်သွင်းသည့်ဥပဒေကြမ်းအား ထောက်ခံမဲ ၃၈ မဲ၊ကန့်ကွက်မဲ ၃၂၈ မဲ နှင့် ကြားနေမဲ ၅ မဲတို့ဖြင့် ဥပဒေကြမ်းပြင်ဆင်ချက်အဆိုမှာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ တင်သွင်းသည့် ဥပဒေကြမ်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ရှိသည့်တိုင် ပိုမိုကောင်းမွန်အောင် ဖြည့်စွက်နိုင်စရာရှိကောင်းရှိမည်ဖြစ်သည်။ ထိုအချက်ကို ဥပဒေကြမ်း ဆွေးနွေးကြသည့် လုပ်ငန်းစဉ်တစ်လျောက် ပိုမိုပြည့်စုံကောင်းမွန်အောင် ပြင်ဆင်သွားနိုင်သည့် အခွင့်အရေးရှိခဲ့သည်။ ထိုဥပဒေကြမ်းကို ငြင်းပယ်ခဲ့ကြခြင်းက လက်ရှိလူ့အခွင့်အရေးကော်မရှင်ဥပဒေသည် ပြည့်စုံကောင်းမွန်သည်ဟူသော ယူဆချက်ကြောင့်လားဟု မေးခွန်းထုတ်စရာရှိသည်။

ကုလသမဂ္ဂ၏ စံနှုန်းများကို ကိုးကားကြမည်ဟုဆိုလျှင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ ၂၀၁၈ ခုနှစ် အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင်သည် အဆင့် သုံးဆင့်တွင် (ခ) အဆင့်သာ သတ်မှတ်ခံရသေးသည်ကိုလည်း သတိချပ်ရန်လိုပါသည်။ (ခ) အဆင့်ဟူသည်မှာ ပါရီအခြေခံမူများနှင့် တစ်ဝက်တစ်ပျက် ကိုက်ညီမှုရှိသည်ဟူသော အဆင့်ဖြစ်ပါသည်။

ပျောက်ဆုံးနေသောနိုင်ငံသားအခွင့်အရေးများနှင့်လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားသောလူ့အဖွဲ့အစည်း ဖြစ်လာစေရန် ရည်ရွယ်ရေးဆွဲထားသော မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းသည် လွှတ်တော်အစည်းအဝေးတစ်ရက် ဆွေးနွေးပြီးသည်နှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ ဥပဒေများသည် နိုင်ငံတစ်ခု၏ မူဝါဒများဖြစ်ပြီး နိုင်ငံသားများ၏အလေးထားမှုများနှင့် တန်ဖိုးများကို ထင်ဟပ်ရမည်ပင်ဖြစ်သည်။ ယင်းသို့နိုင်ငံ၏ မူဝါဒများကို ဆွေးနွေးကြရာတွင် ကိုယ်စားပြုဒီမိုကရေစီကိုကျင့်သုံးသောနိုင်ငံရေးစနစ်တွင် ဥပဒေများကို ပြုနိုင်၊ ပြင်နိုင်၊ ဖျက်သိမ်းနိုင်သော လွှတ်တော်များမှာ အရေးပါပေသည်။ လွှတ်တော်တွင်းဆွေးနွေးမှုများမှတဆင့် မိမိနိုင်ငံ၏လူ့အဖွဲ့အစည်းအတွက် မူဝါဒကောင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ဦးဘရှိန်တင်သွင်းသော ဥပဒေကြမ်းမှာ ဥပဒေပုဒ်မ၏ပုဒ်မခွဲတစ်ခု ဖျက်သိမ်းပေးရန်သာဖြစ်သော်လည်း သက်တမ်းသုံးနှစ်ကျော်လာပြီဖြစ်သော လူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာ သုံးစောင်အရ ကော်မရှင် လုပ်ကိုင်နိုင်မှုအခြေအနေကို သိရှိနေရပြီးဖြစ်ပါသည်။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် ကော်မရှင်ဥပဒေတစ်ရပ်လုံးအားလေ့လာသုံးသပ်၍ ဥပဒေအားပြင်ဆင်ခြင်းကို ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်မူဝါဒချမှတ်သောသက်ဆိုင်ရာအဖွဲ့အစည်းများအနေနှင့် ယခုတင်သွင်းသည့် ဥပဒေကြမ်းပြင်ဆင်ချက်အဆိုအား ပိုမိုကောင်းမွန်လာစေရန် ဝင်ရောက်ဆောင်ရွက်နိုင်သည်။ ယင်းသို့ဆွေးနွေးခြင်းအားဖြင့် နိုင်ငံသားတို့၏မူလအခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်သော၊လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတတ်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်စေရန်ဟူသောရည်ရွယ်ချက်ဖြင့် ဥပဒေရေးဆွဲပြဌာန်းခဲ့သော မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ပါ ကော်မရှင်၏လုပ်ဆောင်နိုင်စွမ်းမှာ ထိရောက်ကောင်းမွန်လာပြီး နိုင်ငံသားများ၏ အားထားယုံကြည်ရသော အဖွဲ့အစည်းဖြစ်လာပါမည်။ယခုဥပဒေကြမ်း မအောင်မြင်သည့်တိုင် နိုင်ငံရေးမူဝါဒများတွင် လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားမည် ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ဒုတိယအကြိမ်လွှတ်တော်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ရေး ထပ်မံကြိုးစားအားထုတ်မှုများ ရှိလာကြမည်ဟု မျှော်လင့်ပါသည်။