အာဏာရပါတီ လောင်းရိပ်အောက်က ရွေးကောက်ပွဲကော်မရှင်

အနာဂတ် နိုင်ငံရေးအခင်းအကျင်းတွေကိုပါ ထည့်စဉ်းစားပြီး ပြင်ဆင်ရမယ့် ကော်မရှင် ဥပဒေ

By လှမျိုးကျော် on June 12, 2018

လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများကို သတ်မှတ်ထားသည့်အချိန်ကာလအလိုက် ပုံမှန်ကျင်းပနိုင်ခြင်းသည် ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည်။ရွေးကောက်ပွဲများကို နိုင်ငံတဝှမ်းကျင်းပနိုင်ခြင်းသည် အစိုးရများ၏တရားဝင်မှုကို ပုံဖော်ပေးပါပြီး ယင်းနိုင်ငံနှင့်နိုင်ငံသားများ၏ ဂုဏ်သိက္ခာကိုလည်းမြင့်မားစေပါသည်။ မြန်မာ့နိုင်ငံရေးစနစ်တွင် နှစ်ပေါင်းများစွာပျောက်ဆုံးနေသော ရွေးကောက်ပွဲများကို ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ပြန်လည်မြင်တွေ့လာရပါသည်။ ကိုယ်စားပြုဒီမိုကရေစီနိုင်ငံရေးစနစ်တွင် နိုင်ငံသားများသည် ၎င်းတို့၏ကိုယ်စား ၎င်းတို့၏အကျိုးဖော်ဆောင်ပေးမည့် ပုဂ္ဂိုလ်များအား ရွေးကောက်ပွဲများမှတဆင့် ရွေးကောက်တင်မြှောက်ရခြင်းဖြစ်ရာ ရွေးကောက်ပွဲများမှာ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်၍ တရားမျှတရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို လေ့လာဆန်းစစ်ရန် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်အစရှိသည်တို့ကို လေ့လာရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကို ကြီးမှူးကျင်းပပေးနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ယင်း ၂၀၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၁ တွင် တစ်ကြိမ် ပြင်ဆင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင်မူ ယခင်ဥပဒေကို ပယ်ဖျက်၍ ဥပဒေအသစ်တစ်ခု ပြန်လည်ရေးဆွဲခဲ့သည်။ ၂၀၁၂ ဥပဒေကိုမူ ၂၀၁၅ တွင်တစ်ကြိမ်၊ ၂၀၁၇ တွင် တစ်ကြိမ် ပြင်ဆင်ထားသည်။

ကော်မရှင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဉက္ကဌအပါအဝင် အနည်းဆုံးအဖွဲ့ဝင် ငါးဦးဖြင့် သမ္မတကဖွဲ့စည်းရသည်။ အဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းဖြစ်လျှင် နုတ်ထွက်ရသည်။ အခြားလစာ၊စရိတ်၊ငွေကြေးရသော မည်သည့်ရာထူးကိုမျှ လက်ခံမထားသူ ဖြစ်ရမည်ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်သည် အသက် ၅၀ ပြည့်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ပြည့်စုံရသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်မဖြစ်သူလည်း ဖြစ်ရမည်။ ထိုသို့သော ပုဂ္ဂိုလ်များ ဖြစ်နေပါကလည်း နှုတ်ထွက်ပြီးဖြစ်ရပါမည်။ ယင်းအပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး၊ အလားတူရာထူးတာဝန်၌ အနည်းဆုံးငါးနှစ်ထမ်းဆောင်ခဲ့ဘူးသူများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တွင် တရားရေးအရာရှိ ဖြစ်စေ၊ ဥပဒေအရာရှိ ဖြစ်စေ အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ဖူးသူများ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံးနှစ် ၂၀ အမှုလိုက်ပါဆောင်ရွက်ခဲ့သူများနှင့် သမ္မတမှ သိက္ခာသမာဓိနှင့်ပြည့်စုံပြီး ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူဟု ယူဆသူများဖြစ်ရမည်။

ကော်မရှင်၏သက်တမ်းမှာ သမ္မတသက်တမ်းနှင့်အညီဖြစ်၍ သက်တမ်းကုန်ဆုံးသော်လည်း ကော်မရှင်အသစ်တစ်ရပ် ဖွဲ့စည်းပြီးသည်အထိ လုပ်ငန်းတာဝန်များကိုဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရာထူးမှ နုတ်ထွက်လိုလျှင် သမ္မတထံ စာတင်၍ နှုတ်ထွက်နိုင်သည်။ ကော်မရှင်အဖွဲ့ဝင်များကို နိုင်ငံတော်၏ကျေးဇူးသစ္စာဖောက်ဖျက်ခြင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်ကိုဖောက်ဖျက်ခြင်း၊အကျင့်သိက္ခာပျက်ပြားခြင်း၊ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်ကို ကျေပွန်စွာထမ်းဆောင်မှုမရှိခြင်းတို့ဖြင့် သမ္မတမှ စွပ်စွဲပြစ်တင်နိုင်သည်။ ယင်းသို့စွပ်စွဲပြစ်တင်ရာတွင် သမ္မတသည် စွပ်စွဲပြစ်တင်ချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည်။ နာယကမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေတူညီစွာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ သတ်မှတ်အချိန်ကာလအတွင်း စုံစမ်းစစ်ဆေးစေရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် သမ္မတနှင့် အစွပ်စွဲခံရသောပုဂ္ဂိုလ်ကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ ရှင်းလင်းချေပခွင့်ပေးရမည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိချက်တင်ပြလာလျှင် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ စွပ်စွဲမှုအား ဆုံးဖြတ်ရမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှု မှန်ကန်ကြောင်းဆုံးဖြတ်လျှင် သမ္မတအနေဖြင့် ထိုကော်မရှင်အဖွဲ့ဝင်ကို ရာထူးမှ ရပ်စဲနိုင်သည်။

ကော်မရှင်၏ နိုင်ငံရေးလွတ်လပ်မှု

ကော်မရှင်အား သမ္မတမှဖွဲ့စည်း၍ သက်တမ်းမှာလည်း အတူတူဖြစ်ရာ ကော်မရှင်၏ နိုင်ငံရေးအရ လွတ်လပ်မှုမှာ အငြင်းပွားဖွယ်ရာဖြစ်နေပြီး ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်တို့ ရွေးကောက်ပွဲများအပေါ် ကြီးမှူးကျင်းပနိုင်ရေးနှင့် နိုင်ငံရေးပါတီများအပေါ်တွင် ထိန်းကျောင်းကြီးကြပ်ရာ၌ သမ္မတနှင့် အာဏာရပါတီ၏ လွှမ်းမိုးမှုခံရနိုင်သည့် အနေအထားတွင် ရှိပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ပြန်လည်ထူထောင်နေရသည့် ကာလဖြစ်သည့်အတွက် သီးခြားလွတ်လပ်ရမည့် အဖွဲ့အစည်း(Institution)များ၏ လွတ်လပ်၍အမှီအခိုကင်းမှုမှာ များစွာအရေးကြီးပါသည်။ ကော်မရှင်၏ သက်တမ်းကို သမ္မတရာထူးသက်တမ်းဖြင့် တွဲမထားပဲ သီးသန့်သတ်မှတ်မှသာ အာဏာရပါတီများနှင့် သမ္မတတို့၏လောင်းရိပ်မှ လွတ်ကင်းအောင် စည်းခြားနိုင်မည်ဖြစ်ပါသည်။

ကော်မရှင်အားစွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ အခွင့်အာဏာကိုလည်း သမ္မတတစ်ဦးထဲထံ အပ်နှင်းထားသကဲ့သို့ဖြစ်နေပါသည်။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ရာတွင်မူ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုပါ ပေးအပ်ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တွေ့ရှိရသည်။ ကော်မရှင်ကို စွပ်စွဲပြစ်တင်ခြင်းအား အုပ်ချုပ်ရေးမဏ္ဍိုင်မှသာ စတင်ပြုလုပ်နိုင်သဖြင့် ကော်မရှင်အပေါ် လွှတ်တော်မှ စိစစ်ထိန်းကျောင်းနိုင်မှုကို အားနည်းစေပါသည်။ ကော်မရှင်ကို လွှတ်တော်မှ စတင်စွပ်စွဲပြစ်တင်ခြင်းပြုလုပ်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးထားနိုင်ရန် လိုပါသည်။

ကော်မရှင်၏ ဘဏ္ဍာရေးအရ လွတ်လပ်မှု

ကော်မရှင်၏ အသုံးစရိတ်များကို နိုင်ငံတော်ဘဏ္ဍာမှ ရယူသုံးစွဲရပြီး၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းပြဌာန်းရန် ပါရှိသော်လည်း ကော်မတီ၏ ရုံးအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ကို ရယူရသည့်အချက်မှာ ကော်မရှင်၏ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုကို တဖက်မှ ပြန်လည်ထိန်းချုပ်ထားသည့် သဖွယ်ဖြစ်နေသည်။

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ပြည်ထောင်စုနယ်မြေ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းနိုင်သည်။ ကော်မရှင်သည် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို အနည်းဆုံး အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းရသည်။ ကော်မရှင်အဖွဲ့ခွဲ့အဆင့်ဆင့်၏ အဖွဲ့ဝင်သတ်မှတ်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား သတ်မှတ်ထားသောအရည်အချင်း သတ်မှတ်ချက်တွင်မပါဝင်သော နိုင်ငံရေးပြစ်မှုဖြင့် တရားရုံးတစ်ရုံး၏ ပြစ်ဒဏ်စီရင်ချက် ကျခံဖူးသူမဖြစ်စေရဟူသောအချက်ကို ၂၀၁၅ ခုနှစ် ဥပဒေတွင် ထည့်သွင်းလာခဲ့သည်ကို တွေ့ရသည်။

ရွေးကောက်ပွဲများကို ကြီးမှူးကျင်းပခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ သဘာဝဘေးနှင့်လုံခြုံရေးအခြအနေများကြောင့် လွတ်လပ်၍တရားမျှတမှုရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောမဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်းတို့ကို ကော်မရှင်ကပြုလုပ်နိုင်သည်။ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်များပတ်သက်၍ ကန့်ကွက်ချက်များကို ဖြေရှင်းနိုင်ရန် ခုံအဖွဲ့ဖွဲ့စည်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ထိန်းကျောင်းခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းလိုကြောင်း သက်ဆိုင်ရာမဲဆန္ဒနယ်မှ မူလမဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုန်းကတင်ပြလျှင် ကော်မရှင်သည်စုံစမ်းစစ်ဆေးနိုင်သည်။ စုံစမ်းစစ်ဆေးရာတွင် သက်ဆိုင်ရာကိုယ်စားလှယ်အား ကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ချေပခွင့်ပြုရမည်။ ထိုသို့ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းနိုင်ရန်အတွက်မူ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဌာန်းပေးရန် လိုအပ်သည်။​

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများ၊ ပြင်ဆင်မှုများနှင့် နိုင်ငံရေးပါတီဆိုင်ရာဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များသည် အပြီးအပြတ်အတည်ဖြစ်သည်။ ယင်းကိစ္စရပ်များ၌ ကော်မရှင်၏ဆုံးဖြတ်ချက် အပြီးအပြတ်ဖြစ်ခြင်းမှာ အငြင်းပွားဖွယ်ရာမရှိသော်လည်း ကော်မရှင်ဖွဲ့စည်းခြင်း၊ သက်တမ်းနှင့်အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့အပေါ်တွင် အနိုင်ရပါတီတစ်ရပ်၏ လွှမ်းမိုးနိုင်မှုမှာ ကြီးမားနေသည်။ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကို သတ်မှတ်ရာတွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း သတ်မှတ်ရမည်ဖြစ်ပြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကိုမူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်စေ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ဦးရေတူညီစွာရွေးကောက်ခံနိုင်ရန်အတွက် မဲဆန္ဒနယ်များကိုသတ်မှတ်ရမည်ဖြစ်သည်။ မဲဆန္ဒနယ်များ သတ်မှတ်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ နယ်နိမိတ်သတ်မှတ်ခြင်းသည် နိုင်ငံရေးအရ လှုပ်ခတ်မှုရှိနိုင်သည့် လုပ်ငန်းဖြစ်ပြီး နိုင်ငံသားများ၏ မဲတစ်ပြားစီ တန်ဖိုးများ တန်းတူညီတူ ဖြစ်စေရေးအတွက် အလွန်အရေးပါသည်။ သို့သော် လက်ရှိအခြေအနေတွင် ကော်မရှင်သည် အနိုင်ရပါတီ၏ လွှမ်းမိုးမှုဖြင့် မဲဆန္ဒနယ်သတ်မှတ်ရာတွင် အပြောင်းအလဲပြုလုပ်နိုင်သည့် အနေအထားတွင်ရှိနေသည်။ ဥရောပကောင်စီ ဗင်းနစ်ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်းမွန်သော ကျင့်ထုံးများတွင် “ပထဝီဝင်ပညာရှင်၊ လူမှုသိပ္ပံပညာရှင်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ညီမျှသော အချိုးအစားဖြင့် ပါဝင်မှု၊ အခြေအနေလိုက် လူနည်းစုတိုင်းရင်းသား ကိုယ်စားလှယ်များ စသည့် လွတ်လပ်သော အဖွဲ့ဝင်များဖြင့် ကော်မရှင် ဖွဲ့စည်း၍ သတ်မှတ်ခြင်းသည် အကောင်းဆုံး အဖြေဖြစ်နိုင်သည်” ဟု ဆိုသည်။​ တရားဝင်အမည်အားဖြင့် ဥပဒေဖြင့် ဒီမိုကရေစီမြှင့်တင်ရေးဆိုင်ရာ ဥရောပကော်မရှင်ဟု ခေါ်သည့် အဆိုပါကော်မရှင်က ထိုလွတ်လပ်သော ကော်မရှင်မှ အကြံပြုချက်ကို လွှတ်တော်မှ အတည်ပြုရန် အကြံပြုထားသည်။

ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေတို့ကို ကိုင်တွယ်ဖော်ဆောင်ရသဖြင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရပါသည်။ ထိုသို့ နိုင်ငံရေးပါတီများကို ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် ဥပဒေအရထိန်းကျောင်းနိုင်ခွင့်ရှိနေပေရာ ကော်မရှင်အပေါ် အနိုင်ရပါတီ၏ လွှမ်းမိုးမှုရှိနေပါက ကော်မရှင်၏ လွတ်လပ် မျှတစွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်အား ပြန်လည်ထူထောင်နေရသည့်အချိန်တွင် နိုင်ငံရေးပါတီများကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးရေးနှင့် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများကျင်းပနိုင်ရေးတို့အတွက် သီးခြားအမှီအခိုကင်းပြီး လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင် ဖြစ်ရေးမှာများစွာအရေးပါပါသည်။

လွတ်လပ်၍ အနှောင်အဖွဲ့ကင်းမှုနှင့် တာဝန်ခံမှု

လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများသည် ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အခြေခံအကျဆုံးအရာဖြစ်ပြီး နိုင်ငံရေးပါတီများ ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးလာခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းနိုင်သည့်စနစ်များ အသက်ဝင်လာခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရများကို ဖော်ဆောင်ခြင်းဖြစ်သည်။ ကော်မရှင်သည် အခြားသော အစိုးရအစိတ်အပိုင်းများမှ သီးခြားလွတ်လပ်ရန် လိုအပ်သလို အခြားသော အစိုးရ အစိတ်အပိုင်းများအပေါ် စနစ်တကျ တာဝန်ခံမှု ရှိနေရန် လိုအပ်ပါသည်။ ယင်းအပြင်မြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား ပုံဖော်တည်ဆောက်နေရသည့်ကာလလည်း ဖြစ်ရာ လွတ်လပ်၍အမှီအခိုကင်းသော ကော်မရှင်၏အဂတိကင်းစွာဆောင်ရွက်နိုင်စွမ်းမှာ အရေးကြီးသည်ဖြစ်၍ ကော်မရှင်ဥပဒေကိုပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရန် လိုအပ်ပါသည်။