အာနန္ဒာ

ဖွဲ့စည်းပုံကို ဘယ်သူတွေ အဓိပ္ပာယ်ဖွင့်နေသလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အခန်းကဏ္ဍ

By လှမျိုးကျော် on July 3, 2018

ခေတ်သစ်နိုင်ငံတော်များတွင် အစိုးရနှင့် နိုင်ငံသားများ၏ကြား၌ နိုင်ငံ၏အရေးအရာများအား စီမံခန့်ခွဲရန်သော်လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများအား ကာကွယ်ဆောင်ရှောက်နိုင်ရန်လည်းကောင်း ယေဘုယျအားဖြင့် အစိုးရနှင့်နိုင်ငံသားတို့ကြားတွင် သဘောတူလက်ခံချုပ်ဆိုထားသည်ဟု ဆိုနိုင်သော ပဋိဉာဉ်စာချုပ်တစ်ရပ်ချုပ်ဆိုထားလေ့ရှိပြီး ယင်းစာချုပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဟုခေါ်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစာချုပ်သည် အစိုးရများ၏ တရားဝင်မှုကိုလည်း ရရှိစေသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို အာဏာမဏ္ဍိုင်အချင်းချင်း တာဝန်ခံမှုရှိစေရန်နှင့် အပြန်အလှန်ထိန်းကျောင်းနိုင်ရန် သီးခြားစီခွဲခြားထားလေ့ရှိသည်။ အပြန်အလှန်ထိန်းကျောင်းနိုင်ရန်နှင့် အပြန်အလှန် တာဝန်ယူတာဝန်ခံနိုင်စေရန်အတွက်လည်း ၎င်းတို့၏လုပ်ပိုင်ခွင့်၊ တာဝန်စသည်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ရေးဆွဲပြဌာန်းထားလေ့ရှိပြီး သီးခြားဥပဒေများဖြင့်လည်း ပြဌာန်းထားကြသည်။ မဏ္ဍိုင်များ အချင်းချင်း အငြင်းပွားမှုများ ပေါ်ပေါက်လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေထားရှိသောတာဝန်နှင့် လုပ်ပိုင်ခွင့်များဖြင့် သုံးသပ်ဆုံးဖြတ်လုပ်ကိုင်ကြရသည်။ အငြင်းပွားမှုများပေါ်လာလျှင် အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့အစည်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းပြဌာန်းထားသည်။ များသောအားဖြင့် တရားလွှတ်တော်ချုပ်များ၊ သီးခြားခုံရုံးများဖွဲ့စည်း၍သော်လည်းကောင်း ဆောင်ရွက်လေ့ရှိသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအတွက် ဖွဲစည်းပုံအခြေခံဥပဒေ ခုံရုံးတစ်ခု ဖွဲ့စည်းထားပြီး အငြင်းပွားမှုများ ဖြေရှင်းရန် ဆုံးဖြတ်ပိုင်ခွင့်ပေးအပ်ထားသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကိုလည်း ပြဌာန်းထားရှိပြီး ခုံရုံးဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ အစရှိသည်တို့ကိုထည့်သွင်းရေးဆွဲထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံသားများ၏မူလအခွင့်အရေးများနှင့် ပတ်သက်၍လည်းကောင်း၊ မဏ္ဍိုင် အချင်းချင်းကြား အငြင်းပွားမှုများကိုလည်းကောင်း ဖြေရှင်းဆုံးဖြတ်ပေးရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ရန်နှင့် မည်သည့်မဏ္ဍိုင်၏ လွှမ်းမိုးမှုကိုမှ မခံရစေရန် လိုအပ်ပါသည်။ လက်ရှိကာလ ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် အာဏာသုံးရပ်ကို ခွဲခြားကျင့်သုံးခြင်းရာ၌ ဗဟိုချုပ်ကိုင်မှုလျော့ချသည့် ဖက်ဒရယ်စနစ်ကိုပါ တွင်ကျယ်စွာကျင့်သုံးလာကြပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော အာဏာများအားအဆင့်ဆင့်ခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့အစည်း၏ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်မှုမှာ လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံ၏လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များနှင့်အဆင့်ဆင့်သော မဏ္ဍိုင်အသီးသီးကြားတွင် ပြဌာန်းခွင့်ရှိသည့်ဥပဒေများ၊ လုပ်ပိုင်ခွင့်အာဏာများကို ခွဲခြားထားပါသည်။ ယင်းသို့အာဏာများကိုခွဲဝေလုပ်ကိုင်ကြရာမှ ပေါ်ပေါက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများအား ဖြေရှင်းဆုံးဖြတ်ခြင်းသည် ခုံရုံး၏တာဝန်ဖြစ်၍ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရသော မြန်မာနိုင်ငံအတွက် ခုံရုံး၏လွတ်လပ်မှုမှာ အရေးကြီးပေသည်။

ခုံရုံးအား မဏ္ဍိုင်တစ်ရပ်ရပ်က လွှမ်းမိုးထားပါက သို့မဟုတ် လွှမ်းမိုးထားနိုင်သည်ဟု ယူဆရပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသောအငြင်းပွားမှုများမှာ လွယ်ကူကျေလည်စွာပြီးဆုံးရန် ခက်ခဲပြီးနောင်ရေရှည်ကာလများတွင် အငြင်းပွားဖွယ်ရာများ ကျန်ရှိနေနိုင်ပါသည်။ ထို့ကြောင့်ခုံရုံးအား မည်သည့်အာဏာတစ်ရပ်ရပ်ကမှ လွှမ်းမိုးနိုင်ခြင်းမရှိနိုင်စေရန် ရည်ရွယ်၍ဖွဲ့စည်းထားရန်လိုအပ်ပြီး လုပ်ပိုင်ခွင့်များနှင့်တာဝန်များကိုလည်း တိကျစွာသတ်မှတ်ထားရန်လိုအပ်ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကို စတင်ရေးဆွဲပြဌာန်းပြီးနောက် သုံးကြိမ်အထိပြင်ဆင်ထားခဲ့ပြီးဖြစ်သည်

ခုံရုံးဖွဲ့စည်းခြင်း

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့မှ သုံးဦးစီရွေးချယ်၍ အဖွဲ့ဝင်ကိုးဦးဖြင့်ဖွဲ့စည်းသည်။ အဖွဲ့ဝင်ကိုးဦးထဲမှ ဥက္ကဌအဖြစ်တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကို သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကတို့နှင့် ညှိနှိုင်းရွေးချယ်ပြီး ကျန်အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့်အတူ ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းရသည်။ ခုံရုံးအဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသော အရည်အချင်းနှင့်မပြည့်စုံကြောင်း ပြသနိုင်ခြင်းမရှိလျှင် ပြည်ထောင်စုလွှတ်တော်သည် ကန့်ကွက်နိုင်ခြင်းမရှိပါ။ ခုံရုံးအဖွဲ့ဝင်များသည် ခန့်အပ်တာဝန်ပေးခြင်းခံရလျှင် နိုင်ငံဝန်ထမ်းဖြစ်ပါကအငြိမ်းစားယူရပြီး၊ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရသည်။ နိုင်ငံရေးပါတီတစ်ခု၏ ပါတီဝင်ဖြစ်ပါက ခန့်အပ်တာဝန်ပေးသည့်နေ့မှစ၍ ပါတီ၏လုပ်ငန်းများကိုဆောင်ရွက်ခွင့် မရရှိတော့ပါ။ ခုံရုံးအဖွဲ့ဝင်များသည် “အထွေထွေရွေးကောက်ပွဲ”တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်ပုဂ္ဂိုလ်ဖြစ်ပါက ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ရွေးကောက်ပွဲဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။

ခုံရုံး၏သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်၏သက်တမ်းနှင့်အညီ ငါးနှစ်ဖြစ်ပြီး ခုံရုံးအသစ်ဖွဲ့စည်းပြီးချိန်အထိ လုပ်ငန်းတာဝန်များကိုဆက်လက်ဆောင်ရွက်ရသည်။ ခုံရုံးဥက္ကဌသည် ရာထူးမှနုတ်ထွက်လိုလျှင် သမ္မတထံတင်ပြရ၍ အဖွဲ့ဝင်များ နုတ်ထွက် လိုပါက ဥက္ကဌမှတစ်ဆင့် သမ္မတထံတင်ပြရသည်။ ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံပါ ပြဌာန်းချက်ကိုဖောက်ဖျက်၍ဖြစ်စေ၊ အကျင့်သိက္ခာပျက်ပြား၍ ဖြစ်စေ၊တာဝန်မကျေပွန်၍ဖြစ်စေ အစရှိသောအချက်များဖြင့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စွပ်စွဲပြစ်တင်နိုင်သည်။ နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်လိုလျှင် ပြည်ထောင်စုလွှတ်တော်နာယကထံအကြောင်းကြားရပြီး နာယကမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းရမည်။စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ အရေအတွက်တူညီသော ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရပြီး စုံစမ်းစစ်ဆေးပြီးစီးရမည့်ကာလကိုလည်း သတ်မှတ်ရမည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးချက်တင်ပြလာလျှင် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့တင်ပြရပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏သုံးပုံနှစ်ပုံက စွပ်စွဲမှုမှန်ကန်ပြီး စွပ်စွဲခံရသူမှာ ဆက်လက်တာဝန်မထမ်းဆောင်သင့်ကြောင်း ဆုံးဖြတ်လျှင် သမ္မတသည် ယင်းပုဂ္ဂိုလ်အားရာထူးမှရပ်စဲရမည်။ လွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်လိုလျှင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တစ်ရပ်ရပ်မှ ကိုယ်စားလှယ်စုစုပေါင်းအနက် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံတင်ပြရသည်။ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏သုံးပုံနှစ်ပုံက ထောက်ခံပါကဆက်လက်ဆောင်ရွက်ရပြီး ကျန်လွှတ်တော်တစ်ရပ်မှလည်း အဆိုပါစွပ်စွဲချက်ကို အဖွဲ့ဖွဲ့၍စစ်ဆေးရသည်။ စုံစမ်းစစ်ဆေးပြီး၍ စွပ်စွဲချက်မှန်ကန်ပါက စွပ်စွဲခံရသူအား ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း ထပ်မံစုံစမ်းစစ်ဆေးသည့်လွှတ်တော်မှ ဆုံးဖြတ်လျှင် သမ္မတသည် ယင်းပုဂ္ဂိုလ်ကို တာဝန်မှရပ်စဲရမည်။

ခုံရုံး၏ နိုင်ငံရေးအရ လွတ်လပ်မှု

ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံသားများ၏မူလ အခွင့်အရေးများနှင့်အဆင့်ဆင့်ခွဲဝေကျင့်သုံးထားသောအာဏာများကြားတွင် ပေါ်ပေါက်လာသောအငြင်းပွားမှုဆိုင်ရာများကို အဆုံးအဖြတ်ပြုရသော အဖွဲ့အစည်းဖြစ်သည်။ ယင်းအတွက်ကြောင့် ခုံရုံးသည် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်ပိုင်းအရသော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအရသော် လည်းကောင်း နိုင်ငံရေးအရ လွတ်လပ်မှုရှိစေရန်လိုအပ်ပါသည်။ ခုံရုံးအဖွဲ့ဝင်များအား အခြားမဏ္ဍိုင်များမှ အပြန်အလှန်ထိန်းကျောင်းနိုင်ရန် ရည်ရွယ်ရေးဆွဲထားသည်ဟုယူဆရသော ခုံရုံးဖွဲ့စည်းခြင်းဆိုင်ရာဥပဒေတွင် သမ္မတနှင့်လွှတ်တော်ဥက္ကဌများမှ သုံးဦးစီ အမည်စာရင်းတင်သွင်းခြင်းနှင့် ခုံရုံး၏လုပ်ငန်းတာဝန်များအခန်းတွင်ပါရှိသော ခုံရုံး၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်နှင့်ပတ်သက်လျှင် မိမိတို့အား ရွေးချယ်သောပုဂ္ဂိုလ်များထံ အစီရင်ခံရမည်ဟုပါရှိရာ ခုံရုံးအဖွဲ့ဝင်များအပေါ်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကိုဖြစ်ပေါ်စေနိုင်ပါသည်။ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ဆုံးဖြတ်ခြင်း၊ သဘောထားပေးခြင်းများကို လုပ်ဆောင်နိုင်သော တစ်ခုတည်းသော တရားရုံးဖြစ်ရာ ပြည်ထောင်စုတရားလွှတ်တော်ရှိ တရားသူကြီးချုပ်နှင့် တရားသူကြီးများကဲ့သို့ပင် မိမိနှင့်သက်ဆိုင်သောကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ လွှတ်တော်ကော်မတီများ၏ ဖိတ်ကြားခံရခြင်းနှင့်အခါအားလျော်စွာ ပြည်ထောင်စုလွတ်တော်တွင် မိမိတို့၏ကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်းတို့သာပြုလုပ်သင့်သည်။ ယင်းသို့မဟုတ်ဘဲ မိမိအားရွေးချယ်ထားသောပုဂ္ဂိုလ်ကိုသာ အစီရင်ခံတင်ပြခြင်းဆောင်ရွက်နေရလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ခုံရုံး၏သက်တမ်းမှာလည်း ပြည်ထောင်စုလွှတ်တော်၏သက်တမ်းနှင့်အညီဖြစ်နေသဖြင့် သမ္မတသည် လည်းကောင်း၊လွှတ်တော်ဥက္ကဌနှစ်ဦးသည်လည်းကောင်း အနိုင်ရပါတီ၏ အရွေးချယ်ခံများသာဖြစ်နိုင်သည့်အတွက် အနိုင်ရနိုင်ငံရေးပါတီတစ်ရပ်၏ လွှမ်းမိုးလာနိုင်မှုမှာလည်း ခုံရုံးအပေါ်တွင်ရှိလာနိုင်ပါသည်။ သိက္ခာပျက်ပြားခြင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ခြင်း၊တာဝန်မကျေပွန်မှုများစသည့် အချက်များဖြင့် သမ္မတနှင့်လွှတ်တော်တို့မှ ခုံရုံးအားစွပ်စွဲပြစ်တင်ခွင့်ရှိနေပေရာ ခုံရုံး၏ အစီရင်ခံခြင်းနှင့်သက်တမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိတရားသူကြီးချုပ်နှင့်တရားလွှတ်တော် တရားသူကြီးများ၏ အစီရင်ခံမှုပုံစံမျိုးနှင့်သက်တမ်းထားရှိမှုမျိုး သတ်မှတ်ပြဌာန်းထားရှိမှသာလျှင် ခုံရုံး၏လွတ်လပ်သောတရားစီရင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုအဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်နှင့်အဆင့်ဆင့်သောဥပဒေပြုခွင့်ရှိသည့် အဖွဲ့အစည်းအသီးသီးက ပြဌာန်းလိုက်သောဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှုရှိမရှိစစ်ဆေးခြင်း၊ ပြည်ထောင်စုအဆင့်အပါအဝင် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှုရှိမရှိစစ်ဆေးခြင်း၊ပြည်ထောင်စု အပါအဝင် အဆင့်ဆင့်ခွဲဝေထားသော နိုင်ငံတော်နယ်နမိတ်အတွင်းရှိ နယ်မြေများကြားတွင်ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ ပြည်ထောင်စုဥပဒေများကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုနှင့် အဆင့်ဆင့်ခွဲဝေထားသော အဖွဲ့အစည်းများကြားရှိ အခွင့်အရေးနှင့်တာဝန်ဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ တရားရုံးတစ်ရုံးရုံးက စစ်ဆေးစဲအမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုကြောင့် ပြည်ထောင်စုတရားသူကြီးချုပ်မှ တစ်ဆင့် တင်ပြလာလျှင် အဆုံးအဖြတ်ပေးခြင်း အစရှိသည့်တာဝန်များကို ထမ်းဆောင်ရသည်။ခုံရုံး၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အဖွဲ့ဝင်များသည် မိမိတို့အားရွေးချယ်ပေးလိုက်သော သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဌတို့ထံ အသီးသီးအစီရင်ခံရသည်။

ခုံရုံးသို့တင်သွင်းခွင့်ရှိသောပုဂ္ဂိုလ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တို့သည် ခုံရုံးသို့တိုက်ရိုက်တင်သွင်းခွင့်ရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သမ္မတမှတစ်ဆင့် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဌသည် ပြည်ထောင်စုလွှတ်တော်နာယကမှဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ဒေသဦးစီးအဖွဲ့သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့်သမ္မတတို့မှတစ်ဆင့်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကတင်သွင်းလိုလျှင် သက်ဆိုင်ရာလွှတ်တော်ဥက္ကဌများမှ တစ်ဆင့်ဖြစ်စေ ခုံရုံးသို့တင်သွင်းရသည်။ တရားရုံးတစ်ရုံးမှ စီရင်ဆဲအမှုတွင် ဥပဒေပါ ပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု ဖြစ်လာလျှင် ပြည်ထောင်စုတရားသူကြီးချုပ်ထံမှတစ်ဆင့် တင်သွင်းရသည်။

ခုံရုံးသို့တင်သွင်းသည့် အငြင်းပွားမှုဆိုင်ရာများ

ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့်ရှိသောပုဂ္ဂိုလ်များသည် ပြည်ထောင်စုလွှတ်တော်နှင့်အဆင့်ဆင့်သောဥပဒေပြုခွင့်ရှိသော အဖွဲ့အစည်းများမှ ပြဌာန်းလိုက်သောဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ညီမညီ၊ပြည်ထောင်စုနှင့်အဆင့်ဆင့်သောအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီမညီ တင်သွင်းလွှာများတင်သွင်းလာလျှင် ယင်းတင်သွင်းလွှာများအတွက် ခုံရုံး၏ သဘောထားကိုပြန်ကြားရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အား အဓိပ္ပာယ်ဖွင့်ဆိုပေးရန်တင်သွင်းလာလျှင် ခုံရုံးသည် အဓိပ္ပာယ် ဖွင့်ဆိုပေးရသည်။ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုနှင့် အဆင့်ဆင့်ခွဲဝေထားသောနယ်မြေများကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ၊ ပြည်ထောင်စုဥပဒေကိုအကောင်အထည်ဖော်ရာတွင် အခွင့်အရေးနှင့်တာဝန်ဆိုင်ရာအငြင်းပွားမှုများ၊ ပြည်ထောင်စုနယ်မြေများနှင့် ပတ်သက်၍ သမ္မတမှ အကြောင်းကြားလာသောကိစ္စရပ်များနှင့် တရားရုံး တစ်ရုံးတွင် စစ်ဆေးဆဲအမှုတွင် ဥပဒေပါပြဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီမညီအငြင်းပွားသည့်ကိစ္စရပ်များ၌ ခုံရုံး၏ ဆုံးဖြတ်ချက်ချမှတ်ရသည်။ ခုံရုံးသို့တင်သွင်းသည့် တင်သွင်းလွှာများတွင် အဆုံးအဖြတ်ပြုစေလိုသောအချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ဖြစ်ကြောင်းကို ရှင်းလင်းစွာဖော်ပြရသည်။ တင်သွင်းလွှာများနှင့်ပတ်သက်၍ ဥက္ကဌအပါအဝင် အဖွဲ့ဝင်အားလုံးက ကြားနာရမည်ဖြစ်ပြီး တာဝန်တစ်ရပ်ရပ်ကြောင့် အဖွဲ့ဝင်အားလုံး မတက်ရောက်နိုင်လျှင် ဥက္ကဌအပါအဝင် အနည်းဆုံးခြောက်ဦးဖြင့် ကြားနာရသည်။ကြားနာမည့်နေ့ရက်အားကြိုတင်ကြေညာရမည်ဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်နှင့်လုံခြုံရေးထိခိုက်စေနိုင်သောကိစ္စရပ်မှအပ အများပြည်သူရှေ့မှောက်တွင် ကြားနာရသည်။ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ခုံရုံးကိုယ်စားဥက္ကဌကလက်မှတ်ရေးထိုး၍ အဖွဲ့ဝင်တစ်ဦးဦးက အများပြည်သူရှေ့တွင် ဖတ်ကြားရသည်။

ခုံရုံးဥပဒေဆိုင်ရာဝေဝါးမှုများ

ခုံရုံးသို့တင်သွင်းသောအငြင်းပွားမှုများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံတစ်ဝန်းလုံးသက်ရောက်သော သို့မဟုတ် သက်ဆိုင်ရာဒေသအလိုက်သက်ရောက်သောဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စုနှင့် အဆင့်ဆင့်သော အာဏာပိုင်များ၏ဆောင်ရွက်ချက် များသည်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီမညီ သဘောထားမှတ်ချက်ပေးရခြင်းနှင့် ခုံရုံး၏ကျန်လုပ်ငန်းတာဝန်များတွင် ဆုံးဖြတ်ချက်ပေးရခြင်းဟု ဥပဒေတွင်ပါရှိသည်။ ခုံရုံးဥပဒေတွင် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟု ပါရှိရာ ခုံရုံး၏အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် သဘောထားတို့သည် ဆုံးဖြတ်ချက်ကဲ့သို့ အပြီးအပြတ်ဖြစ်မဖြစ် တိကျရန်လိုအပ်ပါသည်။ ခုံရုံး၏အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်သဘောထားတို့သည် ဆုံးဖြတ်ချက်ကဲ့သို့ အပြီးအပြတ်မဖြစ်လျှင် ဆက်လက်ဖြေရှင်းနိုင်သော တရားစီရင်ရေးစနစ် တစ်ရပ်ရှိရန် သို့မဟုတ် ဖြေရှင်းရန်နည်းလမ်းတစ်ရပ် လိုအပ်နေပါသည်။ တရားစီရင်ရေးကဏ္ဍတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ချမှတ်လိုက်သောစီရင်ချက်များသည် အပြီးအပြတ်ဖြစ်ပြီး၊ တရားလွှတ်တော်ချုပ်အား သမ္မတနှင့်လွှတ်တော်တို့မှ စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာဖြင့်ထိန်းကျောင်းနိုင်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်လည်း ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာအား မထိခိုက်စေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်ပြဌာန်းထားပြီး ခုံရုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားမှတ်ချက်တို့အပေါ်တွင် တရားလွှတ်တော်ချုပ်မှ ဝင်ရောက်ဖြေရှင်းခွင့် မရှိကြောင်းတွေ့ရသည်။ ခုံရုံးအားစွပ်စွဲပြစ်တင်ခြင်းဖြင့်ထိန်းကျောင်းနိုင်ရန်အတွက်လည်း သမ္မတနှင့် လွှတ်တော်တို့အား ပေးအပ်ထားရာ ခုံရုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားမှတ်ချက်တို့သည် ခုံရုံး၏ဆုံးဖြတ်ချက်ကဲ့သို့ အပြီးအပြတ်မဖြစ်လျှင် လွှတ်တော်ကသော်လည်းကောင်း၊ သမ္မတကသော်လည်းကောင်း ခုံရုံးအပေါ်တွင် လွှမ်းမိုးနိုင်မှုမှာ ပိုမိုဖြစ်လာနိုင်ပါသည်။ တရားစီရင်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အဆုံးအဖြတ်ပြုနိုင်သော ခုံရုံးအပေါ်တွင် ဥပဒေပြုရေးအာဏာနှင့်အုပ်ချုပ်ရေးအာဏာတို့မှ လွှမ်းမိုးမှုများဖြစ်လာလျှင် နိုင်ငံသားများ၏မူလအခွင့်အရေးများနှင့် ပတ်သက်၍ပေးအပ်ထားသောဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များ နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများအတွက် စီရင်ဆုံးဖြတ်ပေးနိုင်သော ခုံရုံးအပေါ်တွင် နိုင်ငံသားများ၏အားကိုးယုံကြည် နိုင်မှုမှာ ဆုံးရှုံးနိုင်ပါသည်။ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် တစ်ခုတည်းသော တရားရေးအဖွဲ့အစည်းဖြစ်ရာ ခုံရုံးအပေါ်တွင် မည်သည့်အဖွဲ့အစည်း၊မည်သည့်အာဏာမဏ္ဍိုလ် တစ်ရပ်ရပ်ကမျှ လွမ်းမိုးမှု မရှိစေရန်အတွက် ခုံရုံးဖွဲ့စည်းမှုဆိုင်ရာများနှင့်ခုံရုံး၏ ဆုံးဖြတ်ပိုင်ခွင့်များဖြစ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားမှတ်ချက်တို့ကို တိကျစွာဖွင့်ဆိုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။