အာဏာခွဲဝေကျင့်သုံးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ

ခုံရုံးလျှောက်ထားလွှာနှစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်း

By လှမျိုးကျော် on July 24, 2018

စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အကူးအပြောင်းတွင် တရားဝင်မှုအရအငြင်းပွားဖွယ်ရာ များစွာရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် ပြဿနာများကို ပထမအကြိမ်အစိုးရ သက်တမ်းကာလမှာပင် စတင်မြင်တွေ့ခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစတင်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့်ကာလတွင် ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ပြဌာန်းခဲ့သောဥပဒေများနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကြားတွင် ဥပဒေဆိုင်ရာအငြင်းပွားများဖြစ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစတင်အကောင်အထည်ဖော်သည့်ကာလများမကြာခင်မှာပင် ‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာဥပဒေနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာပြဌာန်းချက်များကြား အငြင်းပွားမှု’နှင့် ပြည်ထောင်စုလွှတ်တော်၊ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် ဆိုင်ရာဥပဒေများနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များကြားအငြင်းပွားမှု’တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ကြောင်းတွေ့ရသည်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်တာဝန်ရှိသော တရားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယခုဆောင်းပါးတွင် ယင်းဖြစ်စဉ်နှစ်ရပ်အား နှိုင်းယှဉ်လေ့လာနိုင်ရန်နှင့်ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ လျှောက်လမ်းရာတွင် ခွဲဝေပိုင်းခြားကျင့်သုံးရသော ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးအာဏာများကြားတွင် အပြန်အလှန်ထိန်းကျောင်းရာတွင် အာဏာတစ်ရပ်နှင့်တစ်ရပ်ကြား လွှမ်းမိုးမှုနှင့် ပတ်သက်သည့် မှတ်တမ်းတစ်ရပ်ကျန်ရှိနေစေရန် လေ့လာတင်ပြထားပါသည်။

ဖြစ်စဉ် (၁)

‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာ ဥပဒေ ပုဒ်မ(၅)တွင် ဖော်ပြထားသည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဆိုသည့် စကားရပ်သည်လည်းကောင်း၊ ပုဒ်မ(၄) ပုဒ်မခွဲ(ဂ)တွင် ဖော်ပြထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများတွင် တိုင်းရင်းသားရေးရာဝန်ကြီးများတွင် ပါဝင်မှုမရှိခြင်းသည်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီခြင်း ရှိမရှိသိရှိလိုကြောင်း’ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၃)ဦးက အမျိုးသားလွှတ်တော်ဥက္ကဌမှတစ်ဆင့် ခုံရုံးသို့တင်သွင်းခြင်း ဖြစ်သည်။

တင်သွင်းသူများမှ အဆို

ယင်းဖြစ်စဉ်တွင် တင်သွင်းသူများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်ပြီး အခြားဌာနဆိုင်ရာဝန်ကြီးများနှင့်အဆင့်တူများအဖြစ် ပြဌာန်းထားပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင် ဆိုင်ရာဥပဒေတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးများနှင့် အဆင့်တူ သတ်မှတ်ပြဌာန်းထားပြီး အဆောင်အယောင်ကိုလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ အဆင့်ထက် နှိမ့်ချခံစားခွင့်ပြုထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ တိုင်းရင်းသားရေးရာဝန်ကြီး အဆင့်အတန်းဖြင့် ညီညွတ်ခြင်း ရှိမရှိ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ခုံရုံးသို့တင်သွင်းခြင်းဖြစ်သည်။

လျှောက်လဲသူများမှ အချေ

နိုင်ငံတော်ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ လျှောက်လဲရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်လုပ်ငန်းတာဝန်တူညီသည်ဟု ကောက်ယူ၍မရနိုင်ကြောင်း တာဝန်ယူရမှုအပိုင်းတွင် ကွာခြားကြောင်း၊ အခွင့်အရေးနှင့်တာဝန်တို့မှာ အပြန်အလှန်ဆက်စပ်မှုရှိကြောင်း၊ အခွင့်အရေးနှင့်လျော်ညီသည့်တာဝန်မရှိလျှင် အခွင့်အရေးမရှိနိုင်ကြောင်း၊ တာဝန်နှင့်လျော်ညီသည့်အခွင့်အရေးမရှိလျှင် တာဝန်လည်းမရှိနိုင်ကြောင်း၊ သို့ပါ၍ တာဝန်နှင့်လျော်ညီသော ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များကိုပြဌာန်းထားခြင်းဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိကြောင်းလျှောက်လဲတင်ပြသည်။

ခုံရုံး၏ ဆုံးဖြတ်ချက်

ယင်းကိစ္စရပ်အပေါ်တွင် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၉၈) ပုဒ်မခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြဌာန်းလိုက်သည့် ဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်သည်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်သည်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့်ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်ဟု ပါရှိ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊စရိတ်နှင့်အဆောင်အယောင်ဆိုင်ရာဥပဒေ ပုဒ်မ (၅)နှင့် ပုဒ်မ (၁၇)ပါ ပြဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့ပြီး ‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး’ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

နောက်ဆက်တွဲ ဖြစ်စဉ်များ

ခုံရုံးက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊စရိတ်နှင့်အဆောင်အယောင်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ပြဌာန်းခဲ့သည်။ ယင်းသို့ပြင်ဆင်ရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဆင့်နှင့်တူညီစေရန် ပြင်ဆင်ပြဌာန်းခဲ့ကြောင်းတွေ့ရသည်။

ဖြစ်စဉ် (၂)

‘နိုင်ငံတော်အချုပ်အခြာအာဏာဖြစ်သည့် ခက်မသုံးဖြာကို ပိုင်းခြားကျင့်သုံးရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်တို့တွင် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နှင့်အဖွဲ့အစည်းဝင်များခန့်အပ်တာဝန်ပေးခြင်းတို့ကိုပြဌာန်းထားသော်လည်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည့်စကားရပ်နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သီးခြားအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသဖြင့် တိကျရှင်းလင်းစွာ သိရှိလိုက်နာရန် ခုံရုံးမှ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်’ ပြည်ထောင်စုရှေ့နေချုပ်က သမ္မတကိုယ်စားတင်သွင်းခြင်းဖြစ်သည်။

တင်သွင်းသူများမှ အဆို

ယင်းဖြစ်စဉ်၏အစမှာ ‘ပြည်ထောင်စုအဆင့်နှင့်ပတ်သက်သော’ အကြောင်းခြင်းရာဖြစ်ပြီး သမ္မတက ‘ပြည်ထောင်စုအဆင့်အဖွဲ့အစည်း’ဆိုသော စကားရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ အခြားဥပဒေများတွင်လည်းကောင်းပါဝင်နေသဖြင့် ကျင့်သုံးလိုက်နာဆောင်ရွက်ရာတွင် အကျပ်အတည်းများ ရှိလာနိုင်သည်ဟူသော အကြောင်းဖြင့်တင်သွင်းခဲ့ခြင်းဖြစ်သည်။တင်သွင်းလွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းသောအဖွဲ့အစည်း၊ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသောအဖွဲ့အစည်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့်အညီ လွှတ်တော်အဆင့်ဆင့်က ဖွဲ့စည်းသောအဖွဲ့အစည်းဟူ၍ ပါရှိပြီး နို်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီက ပြဌာန်းသောဥပဒေအချို့တွင်ပြည်ထောင်စုအဆင့်ဆိုသည့်စကားရပ်အား သီးခြားအဓိပ္ပာယ်ဖွင့်ဆိုကာ ပြည်ထောင်စုလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့်ကော်မတီ၊ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းထည့်သွင်းဖွင့်ဆိုထား၍ ‘ပြည်ထောင်စုအဆင့်အဖွဲ့အစည်း’ဆိုသည့် စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သီးခြားအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်ဟု ပါရှိသည်။

လျှောက်လဲသူများမှ အချေ

ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးမြညိမ်းက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည့်စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေးအခန်းတွင် ပါဝင်သော်လည်း မည်သည့်အဖွဲ့အစည်းမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်ကောင်း တိတိကျကျ အနက်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များဖွဲ့စည်းခွင့်ပြုထားကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်မှာ အငြင်းပွားဖွယ်ရာမရှိကြောင်း၊ထို့အတူ လွှတ်တော်နှစ်ခုက ရွေးကောက်တင်မြှောက်လိုက်သော ဥက္ကဌများ၊ဒုတိယဥက္ကဌများသည်လည်းကောင်း၊ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည်လည်းကောင်း၊လွှတ်တော်ကိုယ်စားလှယ်များသည်လည်းကောင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များသာဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်များကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြဌာန်းထားသည့်အတိုင်းပြင်ဆင်ရမည်ဖြစ်ပြီး ပြည်ထောင်စု၊ပြည်သူ့နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများ၏ နိဒါန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြဌာန်းသည်ဟု ပါရှိ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြဌာန်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း တင်ပြသည်။ ယင်းအတွက်ကြောင့် လွှတ်တော်ဆိုင်ဥပဒေအသီးသီးတွင်ပါရှိသော စကားရပ်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်များတွင် ပူးပေါင်းကော်မတီ၊ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းမှာ ခိုင်မြဲသောကျင့်စဉ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကျင့်စဉ်လည်းဖြစ်ကြောင်း၊သို့အတွက် ပြည်ထောင်စု၊ပြည်သူ့နှင့်အမျိုးသားလွှတ်တော် အသီးသီးတို့တွင် ဖွဲ့စည်းသောကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းမရှိဟု ဆုံးဖြတ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပာယ်ကိုကျဉ်းမြောင်းစွာ ကောက်ယူရာကျကြောင်း ရှင်းလင်းခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက လွှတ်တော်အသီးသီးက ဖွဲ့စည်းသော ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသောအခွင့်အာဏာအရ ဖွဲ့စည်းသောအဖွဲ့အစည်းများဖြစ်ကြောင်း၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုရာတွင် ပြည်ထောင်စုအဆင့် ဥပဒေပြုရေးအဖွဲ့၊ပြည်ထောင်စုအဆင့်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်ထောင်စုအဆင့်တရားစီရင်ရေးအဖွဲ့ဟူ၍ ခွဲခြားထားကြောင်း၊ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်အဖွဲ့အစည်းကိုမျှ ဖော်ပြထားခြင်းမရှိကြောင်း၊တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တာဝန်ယူရသောအဖွဲ့အစည်းများကို ပြည်ထောင်စုအဆင့်သတ်မှတ်ရန် လိုအပ်သဖြင့် လွှတ်တော်ဆိုင်ရာဥပဒေများတွင်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေတွင်လည်းကောင်း ထည့်သွင်းပြဌာန်းထားခြင်းဖြစ်၍ လွှတ်တော်အသီးသီးကဖွဲ့စည်းသော ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် လွှတ်တော်အသီးသီးကဖွဲ့စည်းသော ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွင် အကျုံးဝင်ခြင်းမရှိဟု ဆုံးဖြတ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျဉ်းမြောင်းစွာကောက်ယူရာကြမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ခုံရုံးသို့တင်သွင်းလွှာပါ ပြဿနာမှာ ခုံရုံး၏လုပ်ငန်းတာဝန်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ခုံရုံး၏လုပ်ငန်းတာဝန်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်၊ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ-မရှိ စိစစ်ခြင်းဆိုင်ရာနှင့်သာ သက်ဆိုင်ပြီး ယခုလွှတ်တော်ဆိုင်ရာ ဥပဒေများမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းခဲ့သောဥပဒေများဖြစ်၍ ခုံရုံးကစိစစ်ခွင့်မရှိသဖြင့် ပဏာမအဆင့်မှာပင် တင်သွင်းလွှာကို ပလပ်သင့်ကြောင်းရှင်းလင်းခဲ့သည်။

ခုံရုံး၏ ဆုံးဖြတ်ချက်

ခုံရုံးက ယခုတင်သွင်းလွှာကို ‘လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ-မရှိ’ အဓိကဆုံးဖြတ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ခုံရုံးကပြန်လည်ဖြေကြားရာတွင် လွှတ်တော်ဆိုင်ရာဥပဒေအသီးသီးတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းကို အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အနက်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မများတွင် ‘ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ’ဟူ၍ ပါရှိသည်။ ယင်းပုဒ်မများကို ဆက်စပ်သုံးသပ်ကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ယင်းအဖွဲ့အစည်းကိုကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းထားခြင်းမရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းများတင်သွင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသာမက လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သက်ဆိုင်ရာလွှတ်တော်များတွင် ဥပဒေကြမ်းများတင်သွင်းခွင့်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များတွင်ပါရှိသည့် လွှတ်တော်တွင်ရှင်းလင်းပြောဆိုဆွေးနွေးခွင့်နှင့် စပ်လျဉ်းသည့် အကြောင်းအရာပါပုဒ်မများ၊ ဥပဒေကြမ်းတင်သွင်းခွင့်နှင့်စပ်လျဉ်းသည့် အကြောင်းအရာပါပုဒ်မများအရ အဓိပ္ပာယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော်အဖွဲ့အစည်းအသီးသီးနှင့် ယင်းလွှတ်တော်အသီးသီးတို့မှ ကိုယ်စားလှယ်များနှင့်အဓိပ္ပာယ်ချင်း မတူညီကြောင်းတွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေပြုရေးအခန်းပါ ပြဌာန်းချက်များအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော အဖွဲ့အစည်းဖြစ်ပြီး လွှတ်တော်အသီးသီးကဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များနှင့်မတူ သီးခြားဖြစ်ကြောင်းတွေ့ရသည်။ဥပဒေပြဌာန်းချက်ပါ စာသားများအရ တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူရလျှင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းများဖြစ်ပြီး ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ လွှတ်တော်များမှဖွဲ့စည်းသည့် ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များ ဖြစ်သည်။ ဥပဒေပြုရေးအခန်းတွင် ဥပဒေပြုရေးအဖွဲ့အစည်းဖြစ်သည့် လွှတ်တော်အသီးသီးနှင့်ယင်းလွှတ်တော်များကဖွဲ့စည်းသော ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များနှင့်ကွဲပြားစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူ၍ သီးခြားသုံးနှုန်းထားခြင်းဖြစ်သည်။

အမျိုးသားညီလာခံက ချမှတ်ထားသောအခြေခံရမည့်မူများနှင့်အသေးစိတ်အခြေခံရမည့်မူများအရ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းမည့် အဖွဲ့အစည်းများရဲ့အဖွဲ့ဝင်များ ခန့်ထားရေးကိစ္စများကို သမ္မတကတင်ပြလာလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး၍ အဆုံးအဖြတ်ပြုရမှာဖြစ်သည်။ ယင်းအတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းရမည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များမှာ သမ္မတက ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် ခန့်အပ်သည့် အဖွဲ့အစည်းများဖြစ်သည်။ ဥပဒေတစ်ရပ်ပြုရာတွင် နည်းဥပဒေ၊စည်းမျဉ်းဥပဒေနှင့်စည်းကမ်းဥပဒေများကို ထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို အပ်နှင်းသင့်ပြီး အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်များအား အပ်နှင်းသင့်ကြောင်းကို အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဌမှ ရှင်းလင်းထားကြောင်း တွေ့ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ထည့်သွင်းပြဌာန်းထားကြောင်းတွေ့ရသည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေးအခန်းပါ ပုဒ်မများကို ဆက်စပ်သုံးသပ်ခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်အဓိပ္ပာယ်ကောက်ယူခြင်းဖြင့်လည်းကောင်း၊ အမျိုးသားညီလာခံမှချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများအရလည်းကောင်း’ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်’နှင့် ‘ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များသည်’ လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့များနှင့် တူညီမှုမရှိကြောင်း ထင်ရှားသည်။ ခြုံငုံသုံးသပ်ရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ယင်းအဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များသည် သမ္မတက ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် ခန့်ထားသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပြုရေးအခန်းပါ သီးခြားခေါင်းစဉ်သတ်မှတ် ပြဌာန်းထားသည့် သက်ဆိုင်ရာလွှတ်တော်အသီးသီးက ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည်။သမ္မတကိုယ်စား ရှေ့နေချုပ်က တင်သွင်းသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ‘ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် ယင်းအဖွဲ့အစည်းကိုကိုယ်စားပြုသော အဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်’ ဟူသောစကားရပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းခြင်းဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းသည့် လွှတ်တော်ဆိုင်ရာဥပဒေများပါ ‘ပြည်ထောင်စုအဆင့်အဖွဲ့အစည်း’ဟူသော အဓိပ္ပာယ်သတ်မှတ်ချက်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်တင်သွင်းခြင်း မဟုတ်ပေ။ယင်းအတွက်ကြောင့် သမ္မတ၏ တင်သွင်းလွှာကို ခွင့်ပြု၍ ခုံရုံးမှ ‘လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်ညီညွတ်မှု မရှိကြောင်း’ ဖြေကြားလိုက်သည်။

နောက်ဆက်တွဲ ဖြစ်စဉ်များ

သမ္မတကိုယ်စားရှေ့နေချုပ်မှတင်သွင်းသည့် တင်သွင်းလွှာအပေါ်တွင် ခုံရုံးက ‘လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း’အနက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ယင်းသို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့သဖြင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက‘ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ဥပဒေအရပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်မှုမရှိခြင်းတို့ဖြင့်’ ခုံရုံးအဖွဲ့ဝင်အားလုံးကိုစွပ်စွဲပြစ်တင်ခဲ့သည်။ ယင်းနောက်တွင် ‘နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၂ ခုနှစ် တင်သွင်းလွှာအမှတ်(၁)အပေါ် အဓိပ္ပာယ်ဖွင့်ဆို ဆုံးဖြတ်ချက်သည် မူလကပင် ပျက်ပြယ်သောအမိန့်ဖြစ်ကြောင်း’ ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြေညာပြီး အတည်ပြုချက်ကိုလည်း သမ္မတထံပေးပို့ခဲ့သည်။

အာဏာခွဲဝေကျင့်သုံးမှုဆိုင်ရာ မေးခွန်းများ

ယင်းဖြစ်စဉ်အားကြည့်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီမှ ပြဌာန်းခဲ့သည့်ဥပဒေများဖြစ်သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများကြား’ပြည်ထောင်စုအဆင့်နှင့်ပတ်သက်သော’ ဥပဒေဆိုင်ရာအငြင်းပွားမှုမှတစ်ဆင့် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ပွတ်တိုက်ရာမှ သီးခြားလွတ်လပ်ရမည်ဖြစ်သော တရားရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ခုံရုံး၏ဆုံးဖြတ်ချက်လည်း ပျက်ပြားခဲ့ရပြီး ခုံရုံးအဖွဲ့ဝင်များအားလုံးလည်း နုတ်ထွက်ခဲ့ရသည်။လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ခုံရုံးသည် ဖြစ်ပေါ်လာသောဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှုများအား ဆုံးဖြတ်ပေးနိုင်သော တစ်ခုတည်းသောတရားရေးဆိုင်ရာအဖွဲ့အစည်းဖြစ်သည်။ ခုံရုံး၏ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ပျက်ပြယ်စေခဲ့စသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် မဲအများစုရရှိပါက ခုံရုံး၏ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်ကြောင်းတွေ့ရသည်။ယင်းအခြေအနေမှာ တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်၏ဆုံးဖြတ်ချက်ကို ဥပဒေပြုရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်မှ ထိန်းကျောင်းခြင်းသဘောထက်ပိုမိုသက်ရောက်သည့် အခြေအနေဖြစ်မဖြစ်စဉ်းစားရန် လိုအပ်လာပေသည်။

ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကို သီးခြားတာဝန်ယူတာဝန်ခံမှုရှိစေရန်နှင့်အချင်းချင်းအပြန်အလှန်ထိန်းကျောင်းနိုင်ရန်အတွက် တာဝန်များကိုခွဲဝေပိုင်းခြား၍ ကျင့်သုံးကြလေ့ရှိသည်။မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ အာဏာများကို တစ်စုတစ်စည်းတည်းကိုင်တွယ်ကျင့်သုံးလာရာမှ တရားစီရင်ရင်ရေးအာဏာသည် အုပ်ချုပ်ရေးအာဏာ၏ လွှမ်းမိုးမှုအောက်တွင်ရောက်ရှိခဲ့ရပြီး တရားစီရင်ရေးစနစ်မှာ ပျက်စီးခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်သော သဘောထားမှတ်ချက်ပေးနိုင်သော အဆုံးအဖြတ်ပြုနိုင်သော တရားရေးအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား ဖွဲ့စည်းရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးဆွဲပြဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော တရားစီရင်ရေးဆိုင်ရာအခန်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်အဆင့်ဆင့်သောတရားရုံးများ၊စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့ကို တရားစီရင်ရေးဆိုင်ရာရုံးများအဖြစ် ဖွဲ့စည်းထားကြောင်းတွေ့ရသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လုပ်ပိုင်ခွင့်တာဝန်ကိုလည်း စစ်ဘက်ဆိုင်ရာတရားရုံးများနှင့်ခုံရုံးတို့၏ စီရင်ပိုင်ခွင့်အာဏာကို မထိခိုက်စေဘဲ နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး ဖြစ်ပြီး စီရင်ချက်များသည်လည်း အပြီးအပြတ်ဖြစ်သည်ဟု ရေးဆွဲပြဌာန်းထား၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် သီးခြားလွတ်လပ်သောတရားစီရင်ရေးဆိုင်ရာ တရားရုံးတစ်ရုံးဖြစ်သည်။ ယခုဖြစ်စဉ်တွင် သီးခြားလွတ်လပ်ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးနိုင်သော ခုံရုံးသည် ဥပဒေပြုရေးအာဏာနှင့်အုပ်ချုပ်ရေးအာဏာတို့၏ပွတ်တိုက်မှုကြားတွင် မြေဇာပင်ဖြစ်ခဲ့ရသည်။

ယင်းဖြစ်စဉ်နှစ်ရပ်တွင် ပထမဖြစ်စဉ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု ခုံရုံးကဆုံးဖြတ်လိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ချီးမြှင့်ငွေ၊စရိတ်နှင်အဆောင်အယောင်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်ခဲ့ကြောင်းတွေ့ရသည်။ ဒုတိယဖြစ်စဉ်တွင် ခုံရုံးအဖွဲ့ဝင်အားလုံးစွပ်စွဲပြစ်တင်ခံရပြီး ခုံရုံး၏ဆုံးဖြတ်ချက်မှာလည်း ပျက်ပြယ်ခဲ့ရကြောင်းတွေ့ရသည်။ ယင်းဖြစ်စဉ်တွင် ပြည်ထောင်စုအဆင့်အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍများအား ထိန်းကျောင်းနိုင်ရန်လိုအပ်သောကြောင့် လွှတ်တော်က ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်ရန်လိုအပ်သည်ဟူသော အကြောင်းဖြင့် တရားရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ဖြစ်သော ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်ခြင်းနှင့်ခုံရုံးဆုံးဖြတ်ချက်အား ပျယ်ပြက်စေခြင်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ခြင်းကို လည်းကောင်း၊ လွှတ်တော်ဆိုင်ရာဥပဒေများအား ပြင်ဆင်ခြင်းကိုလည်းကောင်း လုပ်ဆောင်နိုင်ပါသော်လည်း မလုပ်ဆောင်ခဲ့ပေ။ ယင်းသို့ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးအာဏာကြား ပွတ်တိုက်မှုကြောင့် တရားရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ဖြစ်သော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ကြားညှပ်ခဲ့ရသဖြင့် နောင်တွင် တရားရေးဆိုင်ရာဆုံးဖြတ်ချက်များအပေါ်တွင် ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးအာဏာတို့မှ လွှမ်းမိုးလာနိုင်ရန် လမ်းခင်းခဲ့သကဲ့သို့ပင် ရှိသည်။